CNI Article News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၈
ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲသည် ဓာတ်ငွေ့နှင့် ရေနံပြတ်လပ်မှုများကို စွမ်းအင် ဈေးကွက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စသည့် ရုပ်ကြွင်းလောင်စာ ဈေးတက်လာ၍ ကမ္ဘာလုံး ဆိုင်ရာ အကျိုးစီးပွားကို ရိုက်ခတ်ခဲ့သည်။
ကမ္ဘာ့အရှေ့ဖျား ဂျပန်နိုင်ငံမှ အနောက်ဘက်ရှိ ဂျာမနီ၊ ဗြိတိန် အပါအဝင် အမေရိကန်ပြည်ထောင်စုအထိ နျူကလီးယား စွမ်းအင် ကဏ္ဍဘက်တွင် တစ်ချိန်က ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းခဲ့သည့် နိုင်ငံ့ခေါင်းဆောင်များသည် ယခုအခါ ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ခြင်း (သို့မဟုတ်) လက်ရှိ စက်ရုံများကို ပိတ်သိမ်းဖို့ ကြံရွယ်မိခြင်းကို နောက်ဆုတ်ရန် စဉ်းစားလာကြသည်။
၂၀၁၁ ခုနှစ် ဂျပန်ရှိ ဖူကူရှီးမား ဓာတ်ပေါင်းဖို သဘာဝဘေးအန္တရာယ်အပြီးတွင် ဂျပန်နှင့် ဂျာမနီ နှစ်နိုင်ငံစလုံး သည် နျူကလီးယားစွမ်းအင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြသည်။ ထိုအပြောင်းအလဲသည် အထူးထင်ရှား သည်။ မျက်မှောက်ကာလတွင်တော့ ယူကရိန်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် နောက်ထပ် ဖြစ်နိုင်ချေရှိသော နျူကလီယားဘေးဆိုးတစ်ခု ကျရောက်လာနိုင်သည့် စိုးရိမ်မှုများက တိုးလာခဲ့ သည်။
ယူကရိန်းစစ်ပွဲ၏ ရှေ့တန်းတွင်တည်ရှိသော ဇာပိုရေဇီးယား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အဏုမြူ ထိန်းကျောင်းသူများက သတိထားစောင့်ကြည့်နေကြသည်။ ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ်လ ကတည်းက ထိုဓာတ်အားပေးစက်ရုံကို ထိန်းသိမ်းထားသည်။
ထိုအခြေအနေသည် ပို၍ အန္တရာယ်များလာသည်ဟု နျူကလီးယားအရေး ကျွမ်းကျင်သူများက ပြောသည်။ မကြာ သေးမီ ရက်များအတွင်း စက်ရုံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများကို အအေးပေးရန်အတွက် အရန်ဓာတ် အား လိုအပ်ချက် ဖြစ်ပေါ်လာခဲ့သည်။
ယခုလောလောဆယ်တွင် ယူကရိန်း နျူကလီးယား ကပ်ဘေး ခြိမ်းခြောက်မှုသည် ဂျာမန် သို့မဟုတ် ဂျပန် ဆွေးနွေးမှုများအနက် အဓိကအခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိသော်လည်း နည်းပညာနှင့်ပတ်သက်၍ စိုးရိမ်စရာ များက ရှိနေသည်။
ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်ချက်အရ ယူကရိန်းစစ်ပွဲသည် နျူကလီးယားစွမ်းအင်နှင့် ပတ်သက်၍ ကာလ ကြာရှည် ရပ်တန့်နေခဲ့သော အနေအထားများကို ပြန်လည် ပုံဖော်နေသည့် ထူးခြားသော အတိုင်းအတာကို ပြသ သည်။ ဥရောပသည် သဘာဝဓာတ်ငွေ့ ပြတ်တောက်သွားနိုင်သည့် ဆောင်းရာသီတွင် စွမ်းအင် လိုအပ်ချက် တစ်ခု အတွက် ကြိုတင်ပြင်ဆင်နေရပြီး အကယ်၍ စက်ရုံ၊ အလုပ်ရုံများကို ပိတ်ပစ်ရသော် လုပ်သားအများစု ထိခိုက်စရာ ရှိနေသည်။
ရုရှားနိုင်ငံက ယူကရိန်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်းက ကျူးကျော် ဝင်ရောက်လာချိန်မှစ၍ ရုပ်ကြွင်း လောင်စာဈေးနှုန်းများ တဟုန်ထိုး တက်သွားခဲ့ပြီး ဥရောပ၊ အမေရိကန်နှင့် ကမ္ဘာတဝန်းရှိ အခြားနိုင်ငံအချို့မှ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ခဲ့ကြသည်။
၂၀၃၀ ပြည့်လွန်နှစ်များ အရောက်တွင် စီးပွားဖြစ် လည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စဉ်းစားနေကြောင်း ယခုသီတင်းပတ်တွင် ဂျပန်ဝန်ကြီး ချုပ် ဖူမီယိုကီရှီဒါက ကြေညာခဲ့သည်။
ဂျပန်အစိုးရသည် လက်ရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှု သက်တမ်းကိုလည်း တိုးမြှင့်နိုင်သည်။ တစ်ချိန်တည်းတွင် ဂျာမန်နိုင်ငံ၌ မူဝါဒ ချမှတ်သူများသည် ယခုနှစ်ကုန်တွင် အော့ဖ်လိုင်း (offline) အသုံးပြုနိုင်ရန် စီစဉ်ထားသည့် နောက်ဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ (၃) ရုံ၏ သက်တမ်းကို သက်တမ်းတိုးရန် စဉ်းစားနေပြီဖြစ်သည်။
လက်ရှိ စွမ်းအင် အကျပ်အတည်းကို ဖြတ်ကျော်ဖို့က တစ်နှစ် (သို့မဟုတ်) နှစ်နှစ်မျှသာ ယာယီဖြစ်ချင်ဖြစ်မည်။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ဂျာမနီနိုင်ငံရေးလောက၌ အဓိကအာရုံစိုက်လာခဲ့သည့် ထင်ရှားသော မူဝါဒ ပြောင်းပြန်လှန်မှုကို စွမ်းအင်အကျပ်အတည်းက ထောက်ပြနေပြီ ဖြစ်သည်။
“နျူကလီးယားစွမ်းအင်သုံးတာ မှားတယ်လို့ ထင်တယ်ဆိုရင် ဘာကြောင့် ထင်ရတာလဲဆိုတဲ့ မေးခွန်းကို ကျနော် ကိုယ်တိုင် ပြန်မေးရပါလိမ့်မယ်။ အင်မတန် ရှုပ်ထွေးပါတယ်” ဟု ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ်ဟာဘတ်က ယခုသီတင်းပတ်ကုန်ပိုင်း ဘာလင်မြို့တွင် အစိုးရရုံးဖွင့်ရက် တစ်ရက်တွင် ပြောကြားခဲ့သည်။
ဂျာမနီတွင် ဟာဘက်ခ်နှင့် ၎င်း၏ (အစိမ်းရောင်)ဂရင်းပါတီတို့သည် နျူကလီးယားစွမ်းအင် ဖျက်သိမ်းရေးတို့ကို အာရုံစိုက်ခဲ့ကြသည်။ ထို့အတွက် ငြင်းချက်များ ရှိလာမည်ကိုတော့ လွန်ခဲ့သော ဆယ်စုနှစ်များက ပါတီကို တည် ထောင်ခဲ့သော ဟာဘတ်တို့ လူတစ်စုက ဝန်ခံရမည်ဖြစ်သည်။
နျူကလီးယားအရေးသည် ပါတီ၏ အဓိကမူဝါဒ ရပ်တည်ချက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ပွဲကို ဆန့်ကျင်ကာ ကရင်မလင်ကို တတ်နိုင်သမျှ ထိုးနှက်လိုသော ဆန္ဒလည်း ဂျာမနီ အာဏာရ အစိုးရထံတွင် ရှိနေသည်။
"ကျနော်တို့အတွက် တကယ့်ကို အရေးကြီးတဲ့ အချိန်အခါပါပဲ" ဟု ဘာလင်အခြေစိုက် ရာသီဥတုဆိုင်ရာပညာရှင်၊ Adelphi အဖွဲ့၏ ဒါရိုက်တာ ဒင်းနစ်တန်ဇလာက ပြောပြသည်။
“အဓိကအချက်ကတော့ ဂျပန်မှာ ဖူကူရှီးမား နျူကလီးယား အကျပ်အတည်းကြုံတုန်းက ဂျာမန်ရာသီဥတုနဲ့ စွမ်းအင်မူဝါဒကို ခြုံငုံပြီး နည်းပညာအန္တရာယ်တွေ၊ လုံခြုံရေးအန္တရာယ်တွေက အင်မတန် ကြီးလွန်းတယ်ဆိုပြီး ကျနော်တို့ဆီမှာ ပါတီပေါင်းစုံ သဘောတူထားတဲ့ သဘောတူညီချက်အရ ပုံဖော်မိခဲ့တာပါ” ဟု ၎င်းက ပြန်ပြောင်း ပြောပြသည်။
ဥရောပရှိ သဘာဝဓာတ်ငွေ့သည် လွန်ခဲ့သည့် နှစ်ကထက် (၁၀) ဆ တိုင်အောင် ဈေးပိုတက်လာခဲ့သဖြင့် ယခုအခါ သဘာဝဓာတ်ငွေ့ရည်များ တင်သွင်းရန်အတွက် ဂျပန်နှင့် အခြား ကမ္ဘာ့ဝယ်လက်များ ပြိုင်ဆိုင်နေရပြီဖြစ်သည်။
ပြင်သစ်၏ နျူကလီးယားစွမ်းအင်သုံး ရေယာဉ်အများစုသည် ဘေးကင်းလုံခြုံရေး လက်မှတ်များကို စောင့်ဆိုင်းနေ ရသည်။ ယခုအခါ ဥရောပတွင် လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်မှုမှာလည်း အထူးလျော့ပါး ကျဆင်းနေပါသည်။ ယူကရိန်းစစ်ပွဲနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း လျှပ်စစ် လိုအပ်ချက်ကလည်း အလုံးစုံ စွမ်းအင် အကျပ် အတည်းကို ပိုမိုဆိုးရွားစေသည်။
ထင်ရှားသော နျူကလီးယား ဝေဖန်ရေးဆရာအချို့ပင်လျှင် လက်ရှိစက်ရုံများကို ဆက်လက် လည်ပတ်စေဖို့ လိုလားကြသော်လည်း အသစ်တည်ဆောက်ခြင်းကို ဆန့်ကျင်ကြသည်။
“နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တာနဲ့ ရုရှားဓာတ်ငွေ့ မယူတော့လို့ ဖြစ်ပေါ်လာတဲ့ ဈေးတက်တဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်းကြားထဲမှာ ဆက်စပ်မှု မရှိပါဘူး” ဟု လန်ဒန်အခြေစိုက် ရာသီဥတုဆိုင်ရာပညာရှင်၊ E3G အဖွဲ့ ဥက္ကဋ္ဌ တွမ်ဘာ့ခ်က ပြောကြားခဲ့သည်။
သို့သော် လက်ရှိ ဓာတ်ပေါင်းဖိုများကို သက်တမ်းတိုးခြင်းသည် အကျိုးရှိနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“တကယ်လို့ ဘေးကင်းကင်း လုပ်နိုင်ရင်၊ စီးပွားရေးအရ လုပ်ရကျိုးနပ်တယ်ဆိုရင်တော့ နျူကလီးယား ဓာတ် ပေါင်းဖိုတွေရဲ့ သက်တမ်းကို ထပ်မတိုးနိုင်စရာ အကြောင်းပြချက် ကောင်းကောင်း မတွေ့မိပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဂျာမနီသည် ၎င်း၏ နျူကလီးယားစက်ရုံများ ဆက်လက် လည်ပတ်ရန်အလို့ငှာ အိမ်နီးချင်းနိုင်ငံများထံမှ ပြင်းထန် သော ဖိအားပေးမှုကို ခံနေရသည်။ ထိုသို့ နျူကလီယားစက်ရုံ ဆက်လက် လည်ပတ်ပါမှ ရုရှား ရုပ်ကြွင်းလောင်စာ များ ဝယ်ယူမှု ရပ်တန့်ခြင်းကြောင့် ရင်ဆိုင်လာရမည့် စွမ်းအင်အလုံးစုံ ချို့တဲ့လာခြင်းကို ဖြေရှင်းရန် ရည်ရွယ် သည်။
သို့သော် ဂျာမန် နျူကလီးယားစက်ရုံများ၏ သက်တမ်းတိုးနိုင်ခြေကို ဝေဖန်သူများက ၎င်းတို့ကို အပြည့်အဝ လည်ပတ်စေခြင်းမရှိဘဲ ထားရှိခြင်းသည် လက်ရှိ အကျပ်အတည်းကို အမှန်တကယ် ဖြေရှင်းနိုင်မည် မဟုတ် ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။
ဂျာမနီသည် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်းခန့်ကို ထုတ်ပေး သော်လည်း အများစုမှာ အပူထုတ်လုပ်ရန်အတွက် အသုံးပြုကြနေရသည်။ ထိုနေရာတွင် နျူကလီးယား စက်ရုံများ ဖြင့် အပြည့်အဝ အစားထိုး၍မရပေ။
ဂျာမနီနှင့် ပြင်သစ်ကြားတွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်း၏ ကန့်သတ်ချက်များရှိနေသဖြင့် ပြင်သစ်သည် ဂျာမန် နျူကလီးယားစက်ရုံများမှ ပိုလျှံသော လျှပ်စစ်ဓာတ်အား အားလုံးကို ယူငင်သုံးစွဲနိုင်မည် မဟုတ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
ဘာလင်မြို့တော် အခြေစိုက် Agora Energiewende ရာသီဥတုဆိုင်ရာ ပညာရှင်များအဖွဲ့မှ ဒါရိုက်တာ ဆိုင်မွန်မြူလာ၏ ယခုနှစ် အစောပိုင်း ခွဲခြမ်းစိတ်ဖြာချက်တွင် နျူကလီးယားစက်ရုံများ၏ သက်တမ်းတိုးခြင်းသည် ခန့်မှန်းထားသည့် စွမ်းအင်ပြတ်လပ်မှု၏ တစ်ရာခိုင်နှုန်းကိုသာ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ကမ္ဘာ့အရှေ့ဖျားကို ကြည့်လျှင်လည်း ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေး စက်ရုံသည် ၂၀၁၁ ခုနှစ် ငလျင်ဒဏ်နှင့် ဆူနာမီလှိုင်းလုံး ရိုက်ခတ်မှုကြောင့် ဂျပန်အစိုးရသည် နျူကလီယား စက်ရုံသစ်များ နောက်ထပ် တည်ဆောက်ခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။
မတော်တဆမှု ဖြစ်နိုင်ခြေ ပိုများလှသဖြင့် ဓာတ်ပေါင်းဖိုများ သက်တမ်း အိုမင်းရင့်ရော်လာမှု အန္တရာယ်များကို လျှော့ချရန် ကြိုးပမ်းမှုအနေဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ မည်ရွေ့မည်မျှကြာကြာ လည်ပတ်ရန် ကန့်သတ် ထားခဲ့သည်။
ငလျင် မကြာခဏ လှုပ်လေ့ရှိသည့် ဂျပန်နိုင်ငံသည် ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့် လူပေါင်း ၁၆၅,၀၀၀ ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည့် ဖူကူရှီးမား ကပ်ဘေး နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိသည်။
သို့သော် ယခုအခါ နိုင်ငံ့ခေါင်းဆောင်များသည် ဖူကူရှီးမား ဘေးအန္တရာယ် ကျရောက်ပြီးနောက်ပိုင်း နျူကလီးယား စွမ်းအင်ကဏ္ဍကို ပိုမိုအလေးအနက်ထား၍ သတိကြီးကြီးဖြင့် လုပ်ဆောင်လာကြသည်။
၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေးဝေမှု၏ (၆) ရာခိုင်နှုန်းသည် နျူကလီးယား စွမ်းအင်မှ ဓာတ်အား ထုတ်လုပ်ပေးခြင်းဖြစ်သည်ဟု ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။ ဂျပန် သည် ထိုနှုန်းမှနေ၍ ယခုအခါ ၂၀ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။
၂၀၂၃ ခုနှစ်၊ နွေရာသီရောက်လျှင် နျူကလီးယား ထိန်းကျောင်းမှု အာဏာပိုင်အဖွဲ့ Nuclear ၏ ဘေးကင်းလုံခြုံရေး စစ်ဆေးမှုကို အောင်မြင်ပြီးသော နျူကလီးယား ဓာတ်အားပေးစက်ရုံ ၁၇ ရုံ ပြန်လည် လည်ပတ်နိုင်မည်ဟု ဝန်ကြီးချုပ် ကီရှီဒါက မျှော်လင့်ထားသည်။
ထိုစက်ရုံများအနက် ၉ ရုံကို ယခုဆောင်းရာသီတွင် လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်ရန် ကီရှီဒါ က ညွှန်ကြားထားသည်။ ယခုအချိန်အထိ ၁၇ ရုံအနက် ၆ ရုံကို အသုံးပြုလျက်ရှိသည်။
နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရန်နှင့် ရေရှည်တည်တံ့သော စွမ်းအင်ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နျူကလီးယားစွမ်းအင်၏ အခန်းကဏ္ဍအပေါ် အများပြည်သူ နားလည်မှုရှိစေရေး ရည်ရွယ်ချက်ဖြင့် ယခုနှစ် အကုန်ပိုင်းတွင် အသေးစိတ် အစီအစဉ်တစ်ခုရေးဆွဲရန် အစိုးရအဖွဲ့ကို ကီရှီဒါက ညွှန်ကြားထားသည်။
ဂျပန်နျူကလီးယားဓာတ်ပေါင်းဖို
ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် မျိုးဆက်သစ် နျူကလီးယား ဓာတ်အားပေးစက်ရုံများ မည်ကဲ့သို့ ဘေးကင်းစွာ တည်ဆောက်ရမည်ကို လေ့လာစူးစမ်းနေပြီဖြစ်သည်။ ကမ္ဘာ့တတိယ အကြီးဆုံး စီးပွားရေး အသိုက်အဝန်းဖြစ်သော ဂျပန်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် အပါအဝင် သယံဇာတများ တင်သွင်းမှု အပေါ် ကြီးမားစွာ မှီခိုနေဆဲရှိသည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်းပြချက်ဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ နျူကလီး ယား စက်ရုံများ ပိတ်သိမ်းခဲ့ခြင်းတို့ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်၌ ဥရောပမှ ရုရှား၏ ရေနံနှင့်သဘာဓာတ်ငွေ့ကို ကျောခိုင်းခဲ့ရသဖြင့် အစားထိုးစရာ စွမ်းအင်ရင်းမြစ် အရေးတကြီး လိုအပ်လာခဲ့သည်။
အထူးသဖြင့် ပြင်းထန်သော ဆောင်းရာသီ အအေးဒဏ်နှင့် နွေရာသီ အပူလှိုင်းများကြောင့် ဒေသခံပြည်သူများအား စွမ်းအင်ချွေတာရန် အစိုးရကို မေတ္တာရပ်ခံ ပန်ကြားခဲ့ရသည်။ သို့သော် ယခုအခါတွင် နျူကလီးယား မဟာဗျူဟာ အပြောင်းအလဲသည် ဂျပန်လူထုအတွက် ပိုမိုအကျိုးရှိစေမည့် လက္ခဏာများ မျှော်လင့်စရာ ရှိပါသည်။
ဖူကူရှီးမားတွင် ငလျင်လှုပ်ခတ်ပြီးနောက် အပူပေးစက်ရုံ ခြောက်ခုကို ရိုက်ခတ်ခဲ့ပြီး တိုကျို အပါအဝင် အိမ်ခြေ သန်းပေါင်းများစွာအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသဖြင့် ဂျပန်အစိုးရက ၎င်း၏ပထမဆုံး "လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုသတိပေးချက်" ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သော ဂျပန်နျူကလီးယားဓာတ်ပေါင်းဖို တစ်ခု
မကြာသေးမီ နှစ်များအတွင်း မြို့တော်တိုကျို၌ ၃၅ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းသွားသည့် အအေး ဒဏ်ကြောင့် အစိုးရက လျှပ်စစ်မီး သုံးစွဲရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့ရဖူးသည်။ ဇွန်လတွင် အလားတူ သတိပေးချက် ထပ်မံထွက်ပေါ်လာသည်။ မကြာသေးမီက စစ်တမ်းအချို့တွင် အထူးသဖြင့် ဓာတ်အားရင်းမြစ်များ တည်ငြိမ်စေရန် ကြိုးပမ်းမှုအနေဖြင့် နျူကလီးယားစက်ရုံများ ပြန်လည်လည်ပတ်စေဖို့ လူထု ပိုမိုထောက်ခံ ကြောင်း ပြသလာခဲ့သည်။
ဘေးကင်းရေး သုံးသပ်မှုကို ရှင်းလင်းထားသော နျူကလီးယား ဓာတ်ပေါင်းဖိုများ ပြန်လည် အသက်သွင်းခြင်းနှင့် ပတ်သက်၍ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် လူထုလူတန်းစား အလွှာအသီးသီးရှိ ၅၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး ၃၉ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြသည်။ ဂျပန်သတင်းစာ ယိုမီအုရီရှင်ဘွန်းနှင့် ဝါဆီဒါ တက္ကသိုလ်၊ အဆင့်မြင့် လူမှုသိပ္ပံကျောင်းတို့က အဆိုပါစစ်တမ်းများဖြင့် ၅ နှစ်တာအတွင်း လူထု သဘော ထားကို တောင်းခံခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း နျူကလီးယားစွမ်းအင်သည် ဂျပန်နိုင်ငံတွင် သဘောထားကွဲလွဲပြီး နက်ရှိုင်းသော စိတ်ခံစားမှုဆိုင် ရာ ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်။
စွမ်းအင်ဆာလောင်မှုကြောင့် စဉ်းစားလာရသည့် အပြောင်းအလဲသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အသစ် ပြန်လည် ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်။
ဝန်ကြီးချုပ်က ကီရှီဒါ၏ မဟာဗျူဟာကို ဆန့်ကျင်သူများက နိုင်ငံ၏ ကာဗွန်ညစ်ညမ်းမှုကို လျှော့ချနိုင်သည်ဟု ပြောကြားခဲ့သော်လည်း ဂျပန်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေရောင်ခြည်၊ လေ၊ ရေအားလျှပ်စစ်နှင့် ဘူမိအပူ စွမ်းအင် အပါအဝင် သန့်ရှင်းသော စွမ်းအင် အရင်းအမြစ်များအတွက် ရွေးချယ်စရာအားလုံးကို အပြည့်အဝ မစူး စမ်း ရသေးပေ။
Source: Washington Post
(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်သည့် Michael Birnbaum နှင့် Michelle Ye Hee Lee တို့၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)