CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၀
လာမည့်အစိုးရသစ် လက်ထက်တွင် Facebook ကဲ့သို့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အချို့အား VPN ခံ၍ အသုံးပြု နေရခြင်းအပေါ် စမ်းသပ်ကာလအနေဖြင့် ဖြေလျှော့ပေးသင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် လုံခြုံရေးအရဟု ဆိုကာ အင်တာနက်လိုင်းဖြင့် ချိတ်ဆက်၍ အသုံးပြုရတယ် လူမှုကွန်ရက် ဆိုရှယ်မီဒီယာများအား ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကန့်သတ်ထားမှုကြောင့် VPN ဆိုသည့် ကြားခံ အပလီကေးရှင်း (application) တစ်ခုကို အသုံးပြု ၍ Facebook ကဲ့သို့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာများအား အသုံးပြုနေကြရခြင်းဖြစ်သည်။
ထို့ကြောင့် လုံခြုံရေးအပေါ် ထိခိုက်မှုမရှိလျှင် စမ်းသပ်ကာလအဆင့်မှ ဆက်လက်ပြီး ဖြေလျှော့သင့် သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

VPN ပေါင်းစုံကို တွေ့ရစဉ်
၎င်းက “VPN ကိစ္စကတော့ တစ်နှစ်လောက်ရှိပြီလေ။ လူငယ်ရော၊ လူကြီးရော ဒီကိစ္စဟာ ဖြေလျှော့သင့် ပါသည် ဆိုပြီးတော့ တောင်းဆိုမှုတွေတော့ များနေပြီပေါ့နော်။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲ တွေ ကလည်း ဒီ VPN ဖြေလျှော့မှုကိစ္စမှာ လုံခြုံရေး၊ သတင်းတု၊ သတင်းမှားတွေ စီးဝင်ပျံ့နှံ့နေရေးကို ကြည့်ပြီးတော့ ချင့်ချိန်ပြီး ဆောင်ရွက်နေပုံရတယ်။ VPN မရှိခင် ကာလတုန်းကဆိုရင် လူတွေကြားထဲမှာ သတင်းတု၊ သတင်းမှားတွေက တအားများတယ်ပေါ့။ သာမန်ပြည်သူလူထုက သတင်းမှားတွေနဲ့ပဲ ချာချာ လည် နေတာပေါ့။ သတင်းမှားတွေနဲ့ပဲလူထုက ရှင်သန်နေရတယ်ပေါ့။ အဲဒါကို ထည့်သွင်းစဉ်းစား ပြီး တော့ VPN ကိစ္စက လုပ်လိုက်ပုံရတယ်။ ဒါကြောင့် အခုလို VPN ကို ပြန်ဖြုတ်လိုက်မယ်ဆိုရင် သက်ဆိုင် ရာ လုံခြုံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဒီလိုကိစ္စတွေ ပြန်ဖြစ်လာမလားလို့ သက်ဆိုင်ရာ ဘက်က လည်း စဉ်းစားနေပုံရတယ်။ ဒါကြောင့်မို့လို့ VPN ကိစ္စဟာ မတင်မကျ ဖြစ်နေတာဖြစ်တယ်။ အန်တီတို့ အနေနဲ့ကတော့ ဒါကို ခဏစမ်းသပ် ကာလအနေနဲ့ VPN ကို ခဏ ပြန်ပြီးတော့ ဖြုတ်သင့်တယ်ပေါ့။ စမ်းသပ်ကာလမှာမှ လုံခြုံရေး ထိခိုက်တဲ့ကိစ္စတွေ ရှိလာပြီဆိုရင်တော့ ပြန်ပြီးတာ့ မူလအခြေအနေ အတိုင်း ပြန်သွားရုံပေါ့။ ဒါကြောင့် စမ်းသပ်ကာလ pilot project တွေကတော့ ရှိသင့်တယ်လို့တော့ အန်တီတို့ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်းအားလုံး ကျင်းပပြီးစီးပြီး လာမည့် မတ်လ၌ လွှတ်တော်ခေါ်မှာဖြစ်၌ အနိုင်ရသည့် အစိုးရကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန် များ လွှဲပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။
အချို့ဒေသများ၌ မြေပြင်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ထားမှု၊ လျှပ်စစ်မီး မရရှိမှု၊ အင်တာနက်လိုင်းများ ပိတ်ဆို့ထားမှု၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားမှုတို့ကိုလည်း အစိုးရသစ် လက်ထက်တွင် ဖြေရှင်းပေးစေလိုကြသည်။
ထို့ပြင် မြန်မာ့တပ်မတော်မှ နိုင်ငံတော်ကို အုပ်ချုပ်သည့် လက်ရှိ ၅ နှစ်တာ ကာလအတွင်း ဘက်ပေါင်းစုံ မှ ဥပဒေအမျိုးမျိုးကို လွှတ်တော်မရှိဘဲ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း၊ ပြဋ္ဌာန်းခြင်းများကို လုပ်ဆောင်ခဲ့ သည်ဟု နိုင်ငံရေးသမားများက ထောက်ပြကြသည်။
ထို့ကြောင့် တက်လာမည့် အစိုးရသစ် လက်ထက်တွင် မြန်မာ့တပ်မတော် အုပ်ချုပ်စဉ်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသာမက ဖွဲ့စည်းပုံအခြေခံဥပဒေများကိုပါ ပြန်လည်ပြင်ဆင် သုံးသပ်မည် ဆိုပါက အခွင့်သာသွားမည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
၎င်းက “အရပ်သားအစိုးရလို့တော့ မပြောနိုင်ဘူး။ ဘာအစိုးရလည်းတော့ မသိဘူးပေါ့ဗျာ ပေါ်ချင်တာ ပေါ်။ ဒါပေမယ့် ပေါ်လာတဲ့အစိုးရကြတော့ ရွေးကောက်ပွဲက ပေါ်တဲ့အစိုးရဆိုတာတော့ ဖြစ်သွားတယ်။ ရွေးကောက်ပွဲက ထွက်တဲ့အစိုးရလို့ ပြောတဲ့အခါကြတော့ အဲဒီဟာကတော့ ဘောင်းဘီချွတ်တွေ၊ ဘောင်းဘီဝတ်တွေ ဘယ်လိုပါလဲတော့ မသိဘူးပေါ့။ ဒါပေမယ့် အဲဒီအစိုးရကတော့ တစ်ခုလုပ်နိုင်တာက အရင် ၅ နှစ်မှာ အုပ်ချုပ်ခဲ့တဲ့ ဥပဒေတွေပေါ့။ လွှတ်တော်မရှိဘဲနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ တော်တော် များတယ်။ အဲဒါတွေကို အတည်ပြုမလား၊ ဆက်ပြီးတော့ သုံးသပ်မလား အဲဒါတွေလုပ်ရမှာကို။ ဒါကြောင့် အကယ်၍ အဲဒါတွေ သုံးသပ်ဖို့ လိုတယ်ဆိုရင်တော့ ပေါ်လာတဲ့လွှတ်တော်နဲ့ ပေါ်လာတဲ့ အစိုးရပေါ့လေ။ ဦးသိန်းစိန် တုန်းကတော့ အရပ်သားတစ်ပိုင်း၊ တပ်တစ်ပိုင်းအစိုးရလို့ ခေါ်ကြတာကို။ ဦးသိန်းစိန်တုန်းက သူက သမ္မတကြီး၊ တင်အောင်မြင့်ဦးက ဒုသမ္မတ၊ စိုင်းမောက်ခမ်းက ဒုသမ္မတ (၂) ပေါ့လေ။ အဲဒီလို ဖြစ်တဲ့ အချိန်တုန်းက ကျနော်တို့က အရပ်သားတစ်ပိုင်း၊ တပ်တစ်ပိုင်းလို့ ပြောကြတာကို။ အဲဒီလို ဆိုတော့ အခုရွေးကောက်ပွဲအလွန် ပေါ်လာတဲ့ဟာက ဘာတစ်ပိုင်းလဲတော့ မသိသေးဘူး။ သို့သော်လည်း ပဲ ဘာပဲဖြစ်ဖြစ် ပေါ်လစီတွေ ပြန်ပြီးတော့ deal လုပ်မယ်၊ အပြောင်းအလဲ လုပ်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ ပြန်လည်ပြင်ဆင်မယ်၊ သုံးသပ်မယ်ဆိုရင်တော့ အခွင့်သာသွားတာပေါ့။ လုပ်ရမယ့် အခြေ အနေ ဖန်တီးလို့ ရသွားတာပေါ့။ အဲဒါလောက်တော့ စလုပ်လိမ့်မယ်လို့ ထင်ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းသာမက ပြည်တွင်းမှ စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေးထား ကြသည်။
ထို့ပြင် တက်လာမည့် အစိုးရသစ်သည် တပ်မတော်ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရဖြစ်မည်ဟုလည်း ၎င်းတို့က သုံးသပ်နေကြသည်။
