CNI International News

မော်စကို၊ မေလ ၁၀

အနောက်အုပ်စုသည် ရုရှားသို့ အမှန်တကယ်စစ်ပွဲတစ်ရပ်ဆင်နွှဲနေသည်ဟု ရုရှားသမ္မတပူတင်က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

ယခင်နှစ်များနှင့်ယှဉ်လျှင် အဖက်ဖက်မှ အားနည်းသော စစ်အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားခေါင်းဆောင်သည် ၎င်း၏ယူကရိန်းအားကျူးကျော်ခြင်းကို အနောက်အုပ်စု၏ခြိမ်းခြောက်မှုအား ကာကွယ်ရန်မဖြစ်မနေလိုအပ်သော လုပ်ဆောင်ချက်တစ်ခုအဖြစ် မကြာခဏဆိုသလို ပုံဖော်ပြောဆိုခဲ့သည်။ သို့သော် ယူကရိန်းနှင့် ယင်း၏အနောက်အုပ်စုမဟာမိတ်များဘက်က ၎င်းတို့အနေဖြင့် ရုရှားသို့ ထိုသို့သော ခြိမ်းခြောက်မှုမျိုး လုပ်ဆောင်ခဲ့ဖူးခြင်းမရှိကြောင်းပြောကာ ရုရှား၏ကျူးကျော်မှုသည် ရုရှားအနေဖြင့် ၎င်းတို့ လွှမ်းမိုးမှုပိုင်နက်အဖြစ် သတ်မှတ်ထားသောနိုင်ငံတစ်ခုတွင် အနောက်အုပ်စု၏ လွှမ်းမိုးမှုဝင်ရောက်လာမည်ကို တားဆီးသည့်သဘောသာဖြစ်သည်ဟု ဆိုသည်။

 

  မော်စကိုမြို့ရှိ ရင်ပြင်နီတွင် ကျင်းပသည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း (၇၈) နှစ်မြောက်အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား (ဓါတ်ပုံ-အေပီ)

ယနေ့ခေတ်လူ့အဖွဲ့အစည်းသည် ပြတ်သားစွာ အလှည့်အပြောင်းဖြစ်စေမည့် အနေအထားသို့ နောက်တစ်ဖန် ရောက်ရှိနေသည်ဟု ပူတင်က ပြောသည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီများအား နှိမ်နင်းနိုင်သည့် နှစ်ပတ်လည်အောက်မေ့ဖွယ်အခမ်းအနားတွင် ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။ ရုရှားအမိမြေသို့ အမှန်တကယ် စစ်ပွဲဆင်နွှဲမှုတစ်ရပ်လည်း ပေါ်ပေါက်နေသည်ဟု ပူတင်က ပြောသည်။

ပူတင်သည် စစ်ပွဲ၏ အစောပိုင်းကာလများတွင် ရုရှားပြည်သူများနှင့်တပ်ဖွဲ့ဝင်များ၏ ထောက်ခံမှုကို ရရှိရန် အတွက် မျိုးချစ်စိတ်ဆိုင်ရာ စကားလုံးများကို မကြာခဏအသုံးပြုလေ့ရှိသူဖြစ်ပြီး မေ ၉ ရက်နေ့သည်လည်း ရုရှားနိုင်ငံရေးနေ့ရက်အတွက် အရေးပါဆုံးနေ့များမှတစ်ခုဖြစ်သည်။ သို့သော် ယခုနှစ် နှစ်ပတ်လည်နေ့ အခမ်း အနားသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အားနည်းမှုများစွာ ရှိနေသည်။ ယင်းသည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့်လည်း ဖြစ်နိုင်သည်။

 

 စစ်ရေးပြအခမ်းအနားမြင်ကွင်း(ဓါတ်ပုံ-အေပီ)

အင်္ဂါနေ့ ရင်ပြင်နီသို့ ချီတက်စစ်ရေးပြအခမ်းအနားတွင် တပ်သား ၈၀၀၀ ခန့်သာ ပါဝင်ခဲ့သည်။ ယင်းက ၂၀၀၈ ခုနှစ် နောက်ပိုင်း အနည်းဆုံးအရေအတွက်လည်း ဖြစ်သည်။ ကိုဗစ်ရောဂါပျံ့ပွားမှုများရှိနေသည့် ၂၀၂၀ ခုနှစ် တွင်ပင် အခမ်းအနားသို့ တပ်ဖွဲ့ဝင်အင်အား ၁၃၀၀၀ တက်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ် အခမ်းအနားတွင် အင်အား ၁၁၀၀၀ ရှိသည်။

ထို့အပြင် ယခုနှစ်အခမ်းအနားတွင် စစ်လေယာဉ်များ၏ ပျံသန်းမှုများလည်း ပါဝင်ခြင်း မရှိသလို ကျင်းပချိန် သည်လည်း ယခင်ကထက်ပို၍ နည်းပါးသည်။ ယခုနှစ်အခမ်းအနားက အားပျော့လွန်းကြောင်း၊ တင့်ကားများပင် မပါဝင်ကြောင်း အခမ်းအနားကို ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။ ယင်းအပေါ်စိတ်ပျက်မိကြောင်း၊ သို့သော် အဆင်ပြေကြောင်း၊အနာဂတ်တွင်ပို၍ ကောင်းလာမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

Source:AP