CNI International News

ဘန်ကောက်၊ သြဂုတ် ၂၃

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို တရားရုံးချုပ်က သြဂုတ် ၂၂ ရက်တွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်တွင် ထိုင်းသို့ ပြန်လည် ရောက်ရှိချိန်တွင် တရားရုံးသို့ ဆင့်ခေါ်ဆောင်ခံခဲ့ရသည်။ ထို့နောက် တရားရုံးက ထောင်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် Bangkok Remand အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး အသက်အရွယ် ကြီးရင့်မှုနှင့် ကျန်းမာရေး အခြေအနေကြောင့် ထောင်တွင်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည်ဟု တာဝန် ရှိသူများက အတည်ပြုခဲ့သည်။

သက်ဆင်ကို ထောက်ခံသူများ နှုတ်ဆက်နေကြစဉ်

သက်ဆင်သည် အမှုနှစ်ခုအတွက် ထောင်ဒဏ် ၃ နှစ်နှင့် ၂ နှစ်စီ ချမှတ်ခံခဲ့ရပြီး ယင်းထောင်ဒဏ်များကို တစ်ပြိုင် တည်း ကျခံရမည်ဖြစ်ကာ နောက်ထပ်အမှုအတွက် သီးခြားထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

သက်ဆင်သည် ဒွန်မောင်းလေဆိပ်သို့ နံနက် ၁၀ နာရီတွင် ရောက်ရှိပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် တရားရုံးချုပ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

သက်ဆင်ကို ထောက်ခံသည့် ရှပ်နီများက တရားရုံးသို့သွားမည့် လမ်းတစ်လျှောက်တွင် စုရုံးကြိုဆိုခဲ့ကြသည်။

သက်ဆင် ရင်ဆိုင်ရသည့် ပထမအမှုမှာ ထိုင်း၏ ပို့ကုန်-သွင်းကုန် ဘဏ် (Exim) မှ ချေးငွေကိစ္စတွင် ကိုယ်ကျိုးစီး ပွား ရယူမှုဖြစ်ပြီး ထိုအမှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

ထိုင်းဘုရင်နဲ့မိဖုရားကို အရိုအသေပေးနေတဲ့သက်ဆင်

ထိုအမှုတွင် သက်ဆင်သည် ၂၀၀၄ ခုနှစ်က မြန်မာအစိုးရအား ၎င်း၏ မိသားစုပိုင်ဆိုင်သည့် Shin Satellite Plc ကုမ္ပဏီ၏ ထုတ်ကုန်များကို ဝယ်ယူနိုင်ရန် ဘတ်ငွေ ၄ ဘီလျံအား သတ်မှတ်ထားသည့် အတိုးနှုန်းအောက် လျှော့ချကာ ချေးငွေထုတ်ပေးရန် နိုင်ငံပိုင်ဘဏ်ကို အမိန့်ပေးခဲ့မှုလည်း ပါဝင်သည်ဟု တရားရုံးက ထုတ်ပြန်ခဲ့ သည်။

သက်ဆင်သည် ထိုအမှုအတွက် မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

ဒုတိယအမှုမှာ တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ လုပ်ငန်းများကို ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အကြား ပြုလုပ်ခဲ့မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

တရားရုံးကမူ ပထမအမှုနှင့် ဒုတိယအမှုအတွက် ထောင်ဒဏ်များကို သီးခြားစီ မဟုတ်ဘဲ တစ်ပြိုင်နက်တည်း ကျခံရန် အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် သက်ဆင်သည် အမှုနှစ်ခုအတွက် ထောင်ဒဏ် ၅ နှစ်မဟုတ်ဘဲ ၃ နှစ် သာ ကျခံရမည်ဖြစ်သည်။

တတိယအမှုမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ လိုက်လျော အလျှော့ပေးမှုဖြင့် ကိုယ်ကျိုးစီးပွားရယူမှုကြောင့် သီးခြားထောင်ဒဏ် ၅ နှစ်ကို ချမှတ်ခံခဲ့ခြင်း ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်