CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၅

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergey Lavrov) သည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားခဲ့ချိန်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများကို ဝေဖန်ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် အနောက်နိုင်ငံများသည် နိုင်ငံတကာ အာဏာတည်ဆောက်ပုံကို လျော့ပါးစေပြီး ကိုယ့်အကျိုး စီးပွားများကိုသာ ကာကွယ်သူများ ဖြစ်သည်ဟု လာဗရော့ဗ်က ဝေဖန်ခဲ့သော်လည်း ယူကရိန်းတွင် ရုရှား၏ စစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း မရှိပေ။

"အမေရိကန်နဲ့ သူ့ရဲ့ လက်အောက်ခံ အနောက်နိုင်ငံတွေဟာ လူသားမျိုးနွယ်ကို ရန်လိုမှုတွေနဲ့ အောင်မြင်မှုတွေ မရအောင် နှောင့်နှေးကြန့်ကြာစေတဲ့ အခြေအနေမျိုးနဲ့ သွေးခွဲပြီး ပဋိပက္ခတွေကို သွေးထိုးလှုံ့ဆော်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ သူတို့ဟာ ဝင်ရိုးစုံကမ္ဘာ ဖြစ်ပေါ်စေမယ့် အခင်းအကျင်းကို တားဆီးဖို့ နည်းမျိုးစုံနဲ့လုပ်ဆောင်နေပါတယ်" ဟု လာဗရော့ဗ်က ပြောသည်။

ဘိုင်ဒန်နဲ့ ဥရောပခေါင်းဆောင်များကိုတွေ့ရစဉ်

ထို့ပြင် အနောက်နိုင်ငံများသည် မိမိကိုယ်ကိုယ် ဗဟိုပြု ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ကမ္ဘာက လိုက်နာကျင့်သုံးစေရန် တွန်းအားပေး လုပ်ဆောင်နေသည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားခဲ့သည်မှာ ၁၉ လခန့် ကြာမြင့်လာချိန်တွင် လာဗရော့ဗ်က ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနှစ် အချိန်ကာလက သမိုင်းဝင် ဖြစ်ရပ်အချို့နှင့် အမေရိကန်နှင့် အနောက်မဟာမိတ်များသည် ယူကရိန်း ကို ဒေါ်လာ ဘီလျံချီ ထောက်ပံ့နေသည့် အကြောင်းများကို ပြောကြားခဲ့သည်။

သို့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲအကြောင်းကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။

ယခုနှစ်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံသည်လည်း ယခင်နှစ်က ပြုလုပ်ခဲ့သည့် ညီလာခံ ကဲ့သို့ပင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေနိုင်မည့် အလားအလာများ ပေါ်ပေါက်ခြင်း မရှိသေးပေ။

ကုလမှာ ယူကရိန်း ကိုယ်စားလှယ်နေရာ လွတ်နေစဉ်

လက်ရှိတွင် ယူကရိန်း၏ သုံးလကြာ တန်ပြန်ထိုးစစ်သည်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုမရှိဘဲ နယ်မြေ အနည်းငယ်ကိုသာ ပြန်လည် သိမ်းယူနိုင်ခဲ့ကာ အောင်မြင်မှု ကြီးကြီးမားမား မရရှိသေးပေ။

အထွေထွေညီလာခံ၌ လာဗရော့ဗ် မိန့်ခွန်းပြောကြားနေချိန်တွင် ယူကရိန်းနိုင်ငံ၏ ကိုယ်စားလှယ်များသည် တက်ရောက်ခြင်း မရှိခဲ့ဘဲ ၎င်းတို့၏ ထိုင်ခုံနေရာများ လွတ်နေသည်ကို မြင်တွေ့ရသည်။

လာဗရော့ဗ်သည် အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် အမေရိကန်သည် ယူကရိန်းကို အသုံးချပြီး မိမိတို့ ရုရှားနိုင်ငံကို တိုက်ရိုက်စစ်ပွဲ ဆင်နွှဲနေသည်ဟုလည်း စွပ်စွဲခဲ့ သည်။

Source: အေပီ