CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

လက်ရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် တိုက်ပွဲရှောင် ပြည်သူများကို နစကနှင့် NUG ပါ အကူအညီပေးသင့်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူ စဝ်ခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောည်။

အပစ်ရပ် လက်မှတ် ရေးထိုးထားသော အဖွဲ့အစည်းများမှ ဆက်ဆံရေးရုံးကနေတဆင့် ကူညီနေကြောင်း၊ နိုင်ငံရေး ကို မတွက်ဘဲ လူသားချင်း စာနာထောက်ထားမှုအရ အကူအညီပေးသင့်ကြောင်း ၎င်းက ပြောသည်။

စဝ်ခွန်းဆိုင်က “အပစ်ရပ်တွေက ဆက်ဆံရေးရုံးဆိုလည်း သူက စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်တယ်၊ နောက်ပြီး တော့မှ TSC ကလည်း စစ်တပ်နဲ့ တိုက်ရိုက်ဆက်နွယ်တယ်၊ အဲဒီတော့ တချို့ နိုင်ငံခြားက အဖွဲ့အစည်းတွေ ကလည်း သူတို့က အဲဒီ TSC တို့  အခု ဆက်ဆံရေးရုံးတို့ကနေတဆင့် သူတို့ ကူညီတာလည်း ရှိပါတယ်။ သို့သော် လည်းပဲ ဥပမာ ကရင်နီလိုမျိုးကြတော့ မရတော့ဘူး၊ ဘာလို့လဲဆိုရင် ဆက်ဆံရေးရုံးတွေက မရှိတော့ဘူး။ သူတို့ လုပ်နိုင်တာ အခုလောလောဆယ်က မကျယ်ပြန့်သေးဘူးပေါ့၊ လောလောဆယ်က မကျယ်ပြန့်သေးပေမယ့် ဒီကိစ္စ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ ဆိုပြီးတော့မှ အခုလောလောဆယ် ဆွေးနွေးနေတာ ရှိပါတယ်၊ ဒီလိုမျိုး ဆွေးနွေးတဲ့ အခါကြတော့ ရတဲ့နယ်မှာ အကုန်လုံး လုပ်ရမှာပဲ၊ ဖြစ်နိုင်လို့ ရှိရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါလူသား ချင်း စာနာမှု အကူအညီ ပေးတယ်ဆိုတော့ SAC ဘက်ကပဲ မကဘူး NUG တို့၊ PDF တို့ ဘာတို့ကလည်း လူသား ချင်းစာနာမှု ကိုယ့်ရဲ့ ပြည်သူကို ကူညီနိုင်ဖို့ ဆိုပြီးတော့မှ နိုင်ငံရေးကို မတွက်ဘဲနဲ့ ကူညီနိုင်ရင် အကောင်းဆုံး ပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကောလင်းမြို့အတွင်း PDF တစ်ဦး သွားနေသလို တိုက်ပွဲရှောင်ရန်ထွက်ခွာနေသော ဒေသခံများကိုလည်း တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး အပြောင်းအလဲများကြောင့် တိုင်းပြည်တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားလာခဲ့ပြီး ပြည်သူလူထု အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့နောက် တိုက်ပွဲများကြောင့် ကုန်းလမ်းနှင့်ရေလမ်း ပိတ်ဆို့မှုများ ဖြစ်လာပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုများ၊ နယ်မြေမလုံခြုံမှုများကို ပြည်သူများ ကြုံတွေ့နေကြရသည်။

လက်ရှိ နယ်မြေများကို စိုးမိုးထားသည့် အဖွဲ့အစည်းအနေဖြင့် တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရေး ခွင့်ပြုပေးသင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထွက်ပြေးနေကြတာတော့ အွန်လိုင်းမှာလည်း ပေါ်နေတာပဲ၊ မီဒီယာ အချင်းချင်း ပြောကြဆိုကြ အကုန်လုံး သိနေကြတာပဲ။ ပြည်သူတွေကို အကူအညီပေးဖို့ ဘယ်သူတွေက ဘယ်လို ကူညီပေးရမလဲဆိုတာ အခုက ပဋိပက္ခဖြစ်သွားတဲ့ နယ်မြေမှာ နယ်မြေကို ဘယ်သူက စိုးမိုးထားသလဲ၊ စိုးမိုးထားတဲ့ လူက မင်းတို့ ဒါလာလုပ်ကြ၊ မင်းတို့ လုပ်ကြလို့၊ အဲဒီလို လုပ်ခွင့် ကိုင်ခွင့်ပေးရင်တော့ ကူညီမယ့်သူတွေ ပေါ်လာမှာပေါ့။ အခုကတော့ လုပ်ချင်ကိုင်ချင်တဲ့ လူတွေ၊ ကူညီပေးချင်တဲ့ လူတွေက ရှိနေမှာပါ။ အန်ကယ်တို့လည်း စိတ် မကောင်းပါဘူး။ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ကြည့်ရတာ စိတ်မကောင်းပါဘူး” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့နောက် မြို့ခံ ၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ်ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ခဲ့သည်။