CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂

ထိုင်းနိုင်ငံတွင် အာဏာရ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဖျက်သိမ်းရန်အတွက် အမည်မဖော် လိုသူတစ်ဦးက တောင်းဆိုခဲ့သည်ဆိုသည့် အသနားခံစာကို မရရှိသေးကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အစ်တီပွန်း ဘွန်ပရာကွန် (Ittiporn Boonpracong) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

မစ္စတာအစ်တီပွန်းသည် ရတ်ချာဘူရီ (Ratchaburi) ပြည်နယ်သို့ စက်တင်ဘာ ၁ ရက်က သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အစောပိုင်း ထွက်ပေါ်ခဲ့သည့် သတင်းများအရ ဖြူးထိုင်းပါတီကို ဖျက်သိမ်းရန် တောင်းဆိုမှုရှိကြောင်း ဖော်ပြခဲ့ သော်လည်း ထိုတောင်းဆိုချက်ရှိခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်ရုံးက ၎င်းအား အကြောင်းကြားခဲ့ခြင်း မရှိကြောင်း အစ်တီပွန်းက ပြောသည်။

အကယ်၍ ထိုကဲ့သို့သော တိုင်ကြားစာ သို့မဟုတ် အသနားခံစာကို ရရှိခဲ့မည်ဆိုပါက ထိုအမှုကို စဉ်းစားသုံးသပ် သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အစ်တီပွန်း ဘွန်ပရာကွန်ကို တွေ့ရစဉ်

အမည်မဖော်လိုသူတစ်ဦးက အသနားခံစာ တင်သွင်းခဲ့မည်ဆိုသည့်တိုင် စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်မည်ဟု အစ်တီပွန်းက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြူးထိုင်းပါတီ လွှတ်တော်အမတ်များ၏ အကြီးအကဲ ဝီဆွတ် ချိုင်နာရမ် (Wisuth Chainarun) က ရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဖြူးထိုင်းပါတီကို ဖျက်သိမ်းရန် အသနားခံစာဖြင့် ကြိုးပမ်းနေသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။

ထိုအသနားခံစာကို မည်သူ သို့မဟုတ် မည်သည့်အဖွဲ့က တင်သွင်းခဲ့သည်ဆိုခြင်းကိုမူ ဖော်ပြထားခြင်းမရှိဘဲ ဩဂုတ် ၁၉ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဖြူးထိုင်းပါတီသည် ပါတီဝင် မဟုတ်တော့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ၏ ဩဇာလွှမ်းမိုးမှုကို ခွင့်ပြုထားကြောင်း အသနားခံစာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

ထို့ပြင် ထိုအသနားခံစာတွင် ပါတီဝင် မဟုတ်တော့သည့် လူပုဂ္ဂိုလ်တစ်ဦးက ပါတီကို ထိန်းချုပ်နေခြင်းသည် တရားမဝင်ကြောင်း ဖော်ပြထားသည့် နိုင်ငံရေးပါတီများဆိုင်ရာ အခြေခံဥပဒေကို ရည်ညွှန်းပြီး တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု အစောပိုင်း ထွက်ပေါ်ခဲ့သော သတင်းများ၌ ဖော်ပြထားသည်။

Source: ဘန်ကောက်ပို့စ်