CNI International News
ဒိုဟာ၊ အောက်တိုဘာ ၂၁
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်က နယ်စပ်တွင် အပြန်အလှန် တိုက်ခိုက်မှု များ ဖြစ်ပွားခဲ့ပြီးနောက် ကာတာနိုင်ငံ၊ ဒိုဟာ (Doha) မြို့တော်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ၌ အောက်တိုဘာ ၁၉ ရက်က နှစ်နိုင်ငံကြား ချက်ချင်း အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပါကစ္စတန်နှင့် အာဖဂန်ကြား အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) တွင် အောက်တိုဘာ ၂၅ ရက်၌ ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အဆစ်ဖ် (Khawaja Muhammad Asif) က X လူမှုမီဒီယာ၌ ရေးသားခဲ့ သည်။
“အာဖဂန်နစ္စတန်ကို ခြေကုပ်ယူပြီး ပါကစ္စတန်မှာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတဲ့ စစ်သွေးကြွတွေရဲ့ အကြမ်း ဖက်မှုတွေကို ချက်ချင်း ရပ်တန့်သွားမှာပါ။ အိမ်နီးချင်း နှစ်နိုင်ငံလုံးက တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားသွားမှာပါ”ဟု အဆစ်ဖ်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ပါကစ္စတန်နဲ့ အာဖဂနစ္စတန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးစဉ်
အာဖဂန်တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) ကလည်း နှစ်နိုင်ငံစလုံးသည် အဓိပ္ပာယ်ပြည့်ဝသည့် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်နှင့် အာဖဂန်ကြား အပစ်အခတ်ရပ်စဲရေးကို တူရကီနိုင်ငံနှင့်အတူ ကြားဝင်စေ့စပ်ပေးခဲ့သည့် ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နောက်ထပ် ပြုလုပ်မည့် အစည်းအဝေးများသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေရှည်တည်တံ့စေရန်နှင့် သဘောတူညီချက်တွင် ပါဝင်သည့် အချက်အလက်များကို အကောင်အထည် ဖော်ရေးအတွက် ရည်ရွယ် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်တွင် တာလီဘန်တို့ အာဏာ ပြန်လည် ရရှိခဲ့ပြီးနောက် ပါကစ္စတန်၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။
အာဖဂန်တွင် ခြေကုပ်ယူထားသည့် စစ်သွေးကြွများက ပါကစ္စတန်၌ အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟုဆိုကာ ပါကစ္စတန်က နှစ်နိုင်ငံနယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာမှ အာဖဂန်နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အာဖဂန်တာလီဘန်အဖွဲ့ကမူ ပါကစ္စတန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် စလုံးတွင် စစ်သားများနှင့် အရပ်သားများစွာ သေဆုံးခဲ့သည်။
Source: ရိုက်တာ