CNI International News
အစ္စလာမ်မာဘက်၊ အောက်တိုဘာ ၁၇
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား မကြာသေးမီ နှစ်များအတွင်း လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုအဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆော်ဒီနှင့် ကာတာ အပါအဝင် ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ မေတ္တာရပ်ခံချက်ဖြင့် အပစ်အခတ်ရပ်စဲခဲ့ ခြင်းဖြစ်ပြီး အဆိုပါ ပဋိပက္ခသည် အယ်ကေဒါနှင့် အိုင်အက်စ်အဖွဲ့ အပါအဝင် စစ်သွေးကြွအဖွဲ့များ၏ အန္တရာယ် ကြောင့် ကျိုးပျက်လွယ်သည့် ဒေသတွင်း လုံခြုံရေးအခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ပါကစ္စတန်ကမူ အာဖဂန်နစ္စတန်သည် လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့် ပေးထားသည်ဟု စွပ်စွဲခဲ့ပြီး ထိုစွပ်စွဲ ချက်ကို အာဖဂန် တာလီဘန်အာဏာပိုင်များက ငြင်းဆိုခဲ့သည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာ ပြန်လည်ထိန်းချုပ်ခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း၌ ပါကစ္စတန်တွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည်။
စစ်ပွဲကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး ထိုအပစ်အခတ်ရပ်စဲ ရေးသည် အာဖဂန်နစ္စတန်ဘက်က တောင်းဆိုမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဓိကနယ်စပ် ဖြတ်သန်းမှုများကိုမူ ဆက်လက် ပိတ်ထားဆဲဖြစ်သည်။
တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဇာဘီဟူလာ မူဂျာဟစ်ကမူ (Zabihullah Mujahid)က ထိုအပစ်အခတ်ရပ်စဲရေးသည် ပါကစ္စတန်ဘက်က အလေးအနက် တိုက်တွန်းခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ၎င်း၏ လူမှုမီဒီယာပို့စ်တွင် ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကာလကို ဖော်ပြထားခြင်း မရှိပေ။
အောက်တိုဘာ ၁၅ ရက် အစောပိုင်းကလည်း ပါကစ္စတန်က ၎င်း၏ တပ်ဖွဲ့များသည် ညအချိန် ပစ်ခတ်မှုများ အတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွ ဒါဇင်ချီကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ