CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၇

ဗင်နီဇွဲလားနိုင်ငံတွင် လျှို့ဝှက်စစ်ဆင်ရေးများ ပြုလုပ်ရန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ကို ညွှန်ကြားခဲ့ သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အောက်တိုဘာ ၁၅ ရက်၌ အတည်ပြုခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ၏ အစိုးရအဖွဲ့ကို ဖိအားပေးနေသည့် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများကို ပိုမိုပေါ်လွင်စေခဲ့သည်။

ထရမ့် အစိုးရအဖွဲ့၏ ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ မဟာဗျူဟာသည် မာဒူရိုကို ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်ထား ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး The New York Times သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင်  အမေရိကန်အစိုးရသည် မာဒူရိုကို ဖမ်းဆီးနိုင်ရန်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု စွဲချက်များဖြင့် တရား စီရင်နိုင်ရန် သတင်းပေးသူများကို ဒေါ်လာ သန်း ၅၀ ဆုကြေးငွေပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်

ထရမ့်၏ ညွှန်ကြားချက် အသစ်အရ CIA သည် ဗင်နီဇွဲလားနိုင်ငံတွင် အသက်သေဆုံးနိုင်သည့် စစ်ဆင်ရေးများကို လုပ်ဆောင်ခွင့် ရရှိမည်ဖြစ်ပြီး ကာရစ်ဘီယံဒေသ၌ ကျယ်ပြန့်သော စစ်ဆင်ရေးများအား လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း The New York Times က ဖော်ပြခဲ့သည်။

ဗင်နီဇွဲလားတွင် CIA ကို မည်သည့်အတွက်ကြောင့် စစ်ဆင်ရေး ပြုလုပ်ခွင့် ပေးခဲ့သနည်းဆိုသည့် မေးခွန်းကို သတင်းထောက်များက ထရမ့်အား မေးခဲ့သည်။

ထိုသို့ သတင်းထောက်များ မေးမြန်းနေချိန်၌ ထရမ့်က ဗင်နီဇွဲလားမှ အမေရိကန်သို့ မူးယစ်ဆေးဝါးများ မှောင်ခို ကူးမှုနှင့် ရွှေ့ပြောင်းများ ဝင်ရောက်လာမှုများကြောင့်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

“အကြောင်းပြချက် ၂ ခုအတွက် ကျနော်က (စစ်ဆင်ရေးလုပ်ဖို့) တရားဝင်ခွင့်ပြုခဲ့တာပါ။ ၁ အချက်ကတော့ သူတို့ဟာ သူတို့ရဲ့ အကျဉ်းထောင်တွေကို ခါထုတ်ပြီး အမေရိကန်နိုင်ငံထဲ အကျဉ်းသားတွေ ရောက်အောင် လုပ်နေလို့ ဖြစ်ပါတယ်။ ကျနော်တို့က နယ်စပ်ကို ဖွင့်ထားတော့ သူတို့က ဝင်လာတာပေါ့။ ၂ အချက်ကတော့ မူးယစ်ဆေးဝါးတွေကြောင့် ဖြစ်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားကို တွေ့ရစဉ်

ဗင်နီဇွဲလားသည် အမေရိကန်နိုင်ငံအတွင်းသို့ အကျဉ်းသားဟောင်းများ ပို့ဆောင်နေသည်ဆိုသည့် ၎င်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ထရမ့်က သက်သေပြခဲ့ခြင်း မရှိပေ။

အမေရိကန်သည် ပင်လယ်ပြင်တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို တိုက်ဖျက်ရာ၌ တိုးတက်မှုများ ရရှိနေပြီး မူးယစ်ဆေးဝါးများအား ကုန်းလမ်းမှ မှောင်ခိုကူးနေသည့် လမ်းကြောင်းများကိုလည်း အာရုံစိုက်ပြီး တိုက်ဖျက်နေ ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

CIA သည် လက်တင်အမေရိကတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည့် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ပြီး ၂၀ ရာစု ကုန်ပိုင်း၌ တောင်အမေရိက၏ ကိုကင်းမှောင်ခိုကူးသည့် အဖွဲ့များကို နှိမ်နင်းခဲ့သည်။

Source: ရိုက်တာ