CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက မိမိ နေထိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဖြင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကို ရေးဆွဲ တည်ဆောက်သင့်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
မိမိပါတီ အနေဖြင့် သွားချင်သည့် ပုံစံကမူ ရန်ကုန်တိုင်းဆိုလျှင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာ သုံးခုစလုံးကို ရန်ကုန်တိုင်းမှာရှိသည့် လွှတ်တော် (သို့မဟုတ်) အစိုးရက လုပ်ပိုင်ခွင့်ရှိမည့် စနစ်မျိုး ဖြစ်ကြောင်း၊ ထိုမှသာ ကိုယ့်တိုင်းဒေသကြီး သို့မဟုတ် ကိုယ့်ပြည်နယ်က လုပ်ပိုင်ခွင့်များ ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးစောသန်းမြင့်က “တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကျင့်သုံးပုံချင်း မတူဘူး၊ တစ်ဒေသနဲ့ တစ်ဒေသ ကျင့်သုံးပုံချင်းလည်း မတူဘူး၊ ဥပမာ အိန္ဒိယဆို ဒါဖက်ဒရယ်နိုင်ငံလို့ မခေါ်ဘူး၊ ဒါပေမယ့် သူတို့အုပ်ချုပ်တာ ဖက်ဒရယ်စနစ်နဲ့ပဲ အုပ်ချုပ်တာ။ လုပ်တာကိုင်တာ စီမံခန့်ခွဲ အုပ်ချုပ်တာကိုပဲ ဒါဖက်ဒရယ်လို့ ခေါ်တာပါ။ ဟိုဟာပေါ့ ဖက်ဒရယ်လို့ပြောမှ ဖက်ဒရယ်နိုင်ငံ မဟုတ်ဘူးလေ။ ဖက်ဒရယ်ဆိုတာက စီမံခန့်ခွဲအုပ်ချုပ်တဲ့ စနစ်ကို ခေါ်တာ။ ဥပမာ ရှမ်းပြည် အနေအထားနဲ့ ချင်းပြည် အနေအထားလည်း မတူနိုင်ဘူး၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကလည်း မတူနိုင်ဘူး စသဖြင့်ပေါ့နော် တကယ့် ပင်မ အခြေခံဥပဒေကို မဆန့်ကျင်ပဲနဲ့ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းဒေသကြီး၊ ကိုယ့်ပြည်နယ်နဲ့ လိုက်တဲ့လျှော်ညီတဲ့ အခြေခံဥပဒေကို ဆင့်ပွား ဆောင်ရွက်ပိုင်ခွင့်ပေါ့ ဒါကဖက်ဒရယ်ပါပဲ။ အဲဒီတော့ အခြေခံဥပဒေရေး ဆွဲတဲ့အခါမှာလည်း စီမံခန့်ခွဲတဲ့အခါမှာလည်း ဘယ်လိုမှ မတူနိုင်ဘူး။ သူ့ဒေသနဲ့သူ စီမံခန့်ခွဲပိုင်ခွင့်က ဖက်ဒရယ်ပဲ။ အဲဒီတော့ ကိုယ့်ဒေသနဲ့ကိုယ် ကိုက်ညီမယ့် ဒီစနစ်ကိုပဲ ကိုယ့်ဟာကို ကျင့်သုံးရမှာ ပါ။ တစ်ခုတော့ရှိတာပေါ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ စနစ်ကို ကျင့်သုံးမယ်ဆိုရင် အခြေခံဥပဒေကနေပဲ ဆောင်ရွက်လို့ရမှာ။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ကတော့ အခြေခံဥပဒေအရ သတ်မှတ်ရမယ်”ဟု ပြော သည်။

လက်နက်ကိုင် အင်အားစုကို တွေ့ရစဉ်
လက်ရှိမှာတော့ မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော ဖက်ဒရယ်စနစ်မျိုးကို တည်ဆောက်မလဲ တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ကြား ဆွေးနွေးညှိနှိုင်း၍ မရသေးပေ။
NCA စာချုပ်က မျှော်မှန်းထားသည့် ဖက်ဒရယ်စနစ်အတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လက်ခံရန် မသေချာကြောင်း၊ NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် ဖက်ဒရယ်စနစ်ပုံစံမျိုး သွားချင်မည် မဟုတ်ဘူးဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကိုယ့်နေရာ၊ ကိုယ့်ဒေသဆိုတာမျိုး မဟုတ်ဘူး။ အခုမြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ၊ အထူးသဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခ ချုပ်ငြိမ်းစေဖို့အတွက် အဖြေပေါ့ဗျာ။ အဲဒီ အဖြေအတွက်ကို ဖက်ဒရယ်စနစ်ကို ကျင့်သုံးမယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးတိုင်း ဆွေးနွေးတိုင်းမှာ နောက်ဆုံး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးပြီဆိုရင် ဒါနိုင်ငံရေးအရ ဘယ်လို ဖြေရှင်းကြမလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်စနစ် စီစဥ်ရေး အဲဒီကို ဘူတာသွားစိုက်တာပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ကြားမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းချင်တယ်ဆိုရင် ဖက်ဒရယ်စနစ်နဲ့ ချီတက်ကြမှ ဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက် တစ်ခုတော့ ရောက်သွားမယ်ပေါ့။ ဖက်ဒရယ်စနစ်ကို ဘယ်လို ကျင့်သုံးမလဲဆို တော့ အခု ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေအရ ဖက်ဒရယ်ဒီမိုကရေစီစနစ် အဲဒီ လမ်း ကြောင်းအတိုင်း သွားလို့ရနိုင်ပါ့မလားဆိုတဲ့ စဥ်းစားချက်။ ကျနော်တို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ TNLA၊ MNDAA တို့က “ဝ” က ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘဲနဲ့ သူတို့ဘာသာသူတို့ သီးခြား အုပ်ချုပ်ပြီးတော့နေတဲ့ အနေအထားကို သဘောကျပြီးတော့၊ ဒီ ၁၀၂၇ နောက်ပိုင်းမှာ သူတို့နေထိုင်တဲ့ ဒေသတွေကို သူက လက်နက်နဲ့ ထိန်းချုပ်လိုက်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ NCA စာချုပ်မှာ လက်မှတ် ထိုးထားတဲ့အတိုင်း ဖက်ဒရယ် စနစ်ကို အကောင်အထည် ဖော်မယ်ဆိုလို့ရှိရင် NCA စာချုပ်က မျှော်မှန်းထားတဲ့ ဖက်ဒရယ်စနစ်အတိုင်း သူတို့ သွားချင်တယ်၊ သွားလိမ့်မယ်၊ လက်ခံလိမ့်မယ်ဆိုတာ မသေချာတော့ဘူး။ ဖက်ဒရယ်စနစ်ရဲ့ ဘောင်ထဲမှာ ဝင်ပေ မယ့် သူတို့ဒေသတွေမှာ သူတို့က ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးချင်မှ ကျင့်သုံးလိမ့်မယ်။ ဇွတ်အတင်း ကျင့်သုံး ခိုင်းမယ် ဆိုလို့ရှိရင် သူတို့က လက်ခံချင်မှ လက်ခံမှာ။ ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် NCA စာချုပ်မှာ လက်မှတ် ထိုးထားတဲ့ ဖက်ဒရယ်စနစ်ပုံစံမျိုး သွားချင်မှာ မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆတယ်”ဟု ပြောသည်။

တိုင်းရင်းသား မျိုးနွယ်စုများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လူမျိုးစု လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်လိုသော်လည်း အစိုးရ-တပ်မတော်ဘက်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တည် ဆောက်လိုကြောင်း ရပ်တည်လျက်ရှိသည်။
သို့သော် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာတော့ ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုအား တည်ဆောက်မည်ဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့်အခါမှာ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို မရောထွေး သွားရန် လိုအပ်ပြီး သီးခြားစီ ရှင်းရှင်းလင်းလင်းဖြစ်ရန် လိုအပ်ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွား ရခြင်း မှာ ဖက်ဒရယ်နှင့် ဒီမိုကရေစီကို ရောထွေးထားခြင်းကြောင့် ဖြစ်သည်ကို သတိချပ်ရန် လိုအပ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ ဦးနေဝင်း လက်ထက်က မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခဲ့သော်လည်း အောင်မြင် မှု မရှိဘဲ တိုင်းပြည် ပျက်စီးခဲ့ရကြောင်း၊ ထို့ကြောင့် မြန်မာ့နည်းမြန်မာ့ဟန် ဖက်ဒရယ်ကို တည်ဆောက်ရာမှာ သတိထားသင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
