CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့်အကြောင်း ထုတ်ပြန်လာခြင်းသည် အရေးပေါ် အခြေအနေကြေညာထားသော ၆၃ မြို့နယ်မှ စစ်တိုင်းမှူးများကို တွန်းအား ပေးလိုခြင်းဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဆက်လက် ကျင်းပမည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ယခုကဲ့သို့ ရက်ပေါင်း ၁၂၀ ကျော် စောလျင်စွာ ထုတ်ပြန်လာခြင်းသည် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ၆၃ မြို့နယ်တွင် မဲပေးနိုင်သည့် အဆင့်သို့ ရောက်အောင် စစ်တိုင်းမှူးများအပေါ် တွန်းအားပေးလိုသော သ‌ဘော ဖြစ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ ရလဒ်ကြေညာနေစဉ်

၎င်းက “အောက်တိုဘာ ၃၀ ရက် အထိကတော့ဖြင့် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးက စစ်တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးအရ ပြန်ယူဖို့ ကာလ သတ်မှတ်လိုက်တာကို။ အဲဒီတော့ အောက်တိုဘာ ၃၀ ရက် မတိုင်ခင်မှာ မထိန်းချုပ်နိုင်သေးတဲ့ မြို့နယ် ၆၃ ခုနဲ့ ပတ်သက်လို့ မဲပေးပိုင်ခွင့် အဆင့်ကိုရောက်ဖို့ ကြိုးစားအောင် တွန်းအားပေးလိုတဲ့ သဘောလား၊ အောက်တိုဘာဆို နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့။၊ နိုဝင်ဘာ တစ်လလုံးရမယ်။ ဒီဇင်ဘာမှာလည်း ၂၀ ကျော်လောက် ရတာပေါ့။ အဲဒီအတွက်လား တစ်လခွဲကျော်ကျော် လောက်ရတာပေါ့။ ပြင်ဆင်မှု ကြိုလုပ်နိုင်အောင် လုပ်တဲ့ သ‌ဘောတော့ ရှိလိမ့်မယ်” ဟု ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတည်ပြု ထုတ်ပြန်ထားသည့်အတွက် ပါတီများ၏ မဲဆွယ်စည်းရုံးရေးကာလမှာ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများအရ ရက်ပေါင်း ၆၀ ဖြစ်နိုင်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ပါတီများ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိသည်။

သို့သော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေး၌ မဲဆွယ်စည်းရုံးရေးကာလမှ မဲပေးသည်အထိ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များ၏ လုံခြုံရေးကို ကာကွယ်ပေးရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

ကော်မရှင်၏ ကာကွယ်ပေးရေးစီမံချက် မည်သို့ဖြစ်လာမည်ကို မသိသော်လည်း ပါတီနှင့် ကိုယ်စားလှယ်လောင်း များ အနေဖြင့်လည်း မိမိလုံခြုံရေးနှင့်ပတ်သက်ပြီး ကိုယ်ပိုင်စဉ်းစားထားရမည့် အပိုင်းများရှိကြောင်း တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “တပ်ချုပ်ကြီးလည်း‌ ပြောသွားတယ်လေ။ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးတုန်းက သူကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူတယ်ဆိုတဲ့ အကြောင်း‌ပေါ့။ သူ့မှာလည်း စီမံချက်တွေ ရှိပါလိမ့်မယ်။ အဲဒါကတော့ သူ့ဘက်က စီမံချက်က ဘယ်လို ဘယ်လို လုပ်မယ်ဆိုတာကတော့ ကျနော်တို့လည်း ကိုယ့်ကိုယ်ကို စဉ်းစားထားရမယ့် အပိုင်းတွေလည်းရှိတာပေါ့။ နိုင်ငံတော်ရဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ ဘယ်လို ဖြစ်သင့်တယ်ဆိုတာကို သိပ်ပြီးမပြောချင်ဘူး။ မပြောချင်ပေမယ့် ဒေသတစ်ခုနဲ့ တစ်ခု ကလည်း မတူဘူးလေ။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေက။ ကိုယ့်ဒေသအတွင်းမှာ ကိုယ့်အနေနဲ့ ဘယ်လိုလုပ် သွားရင်ကောင်းမလဲဆိုတာ ကိုယ့်ဘက်ကလည်း ပူးပေါင်းဆောင်ရွက် ပံ့ပိုးညှိနှိုင်းမယ်ဆိုရင်တော့ တည်ငြိမ် အေးချမ်းတဲ့ ရွေးကောက်ပွဲ ဖြစ်သွားမယ်လို့ မြင်တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(NDSC)က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၆၃ မြို့နယ်အား အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့်ကို ဇူလိုင် ၃၁ ရက်က ကြေညာထားသည်။

ထိုမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်း လိုက်ပြီး စစ်အုပ်ချုပ်ရေး အမိန့်သည် စတင်ကြေညာသည့် ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း သိရသည်။