CNI News
၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၁၇
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများ ကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကိုလည်းကောင်း ကျင်းပရန် စီစဉ်၍ နိုင်ငံတည်ငြိမ်အောင် ကြိုးပမ်းလျက်ရှိနေသည်။
ရွေးကောက်ပွဲက လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ကျော်ဖြတ်နိုင်သည့် တစ်ခုတည်းသော ခြေလှမ်းအစ ဖြစ်သည်ဟု ယူဆ၍ရကြောင်း၊ လက်နက်ကိုင် လမ်းစဥ်သည် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းဟု မြင်လျှင် မြန်မာ့သမိုင်းကို ပြန်လေ့လာကြည့်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲသည် လက်ရှိ အကျပ်အတည်းကို ကျော်ဖြတ်နိုင်တဲ့ တစ်ခုတည်းသော ခြေလှမ်းအစ ဖြစ်တယ်လို့ သုံးသပ်လို့လည်းရတယ်။ လက်မခံဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေသည် ရွေးကောက်ပွဲ နည်းမဟုတ်ပဲနဲ့ ဘယ်လို နည်းများ သူတို့ တွေ့ထားကြပြီး(လဲ)။ လက်နက်ကိုင်တဲ့ နည်းနဲ့ လက်ရှိ အကျပ်အတည်းကို ကျော်ဖြတ်နိုင်မယ်လို့ ထင်သလားပေါ့။ အဲ့သလိုဆိုရင် ဒီကာလ မတိုင်ခင် နှစ်ပေါင်း (၇၀)ကျော်လောက်ကို ဖြတ်သန်းခဲ့တဲ့ မြန်မာ့သမိုင်းကို ပြန်လေ့လာကြည့်လို့ရတယ်၊ အဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ မြန်မာ့နိုင်ငံရေး အကျပ်အတည်း တစ်နည်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခရဲ့ နိုင်ငံရေး အရွေ့တစ်ခုဖြစ်အောင် ဆောင်ရွက်ရမယ်လို့ ကျနော်တို့က ယုံကြည်တာ အဲ့တာကြောင့် မြန်မာ့ငြိမ်းချမ်းရေးဆိုတဲ့ အရွေ့သည် ခုနက လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရမယ့် နည်းတစ်ခု သွားတာပေါ့။ ဘယ်လို လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းမှာ လဲဆိုရင် ခုနကပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော်တို့ ကြွေးကြော်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်အောင် တည်ဆောက်ကြရမှာပေါ့။ အဲ့တာကို အခြေခံဥပဒေအရ ပြဋ္ဌာန်းချက်တွေ ပေးထား ချက်တွေ ပြန်လည်ဖွဲ့စည်း စည်းနှောင်ဖို့လိုတာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲသည်သာ နိုင်ငံ၏အရွေ့တစ်ခု ဖြစ်နိုင်မည်ဆိုသည်မှာ ရာနှုန်းပြည့် မှန်ကန်ကြောင်း၊ ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာမည့် လွှတ်တော်သည် တိုင်းပြည်အတွက် ထွက်ပေါက်တစ်ခုဖြစ်သည်ဟု ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်
၎င်းက “ဖြစ်တာပေါ့ ရာခိုင်နှုန်း အပြည့်ဖြစ်တာပေါ့။ လွှတ်တော် ပေါ်လာပြီဆိုလို့ရှိရင် အာဏာသုံးရပ်က ခွဲသွားပြီလေ၊ အစိုးရက အုပ်ချုပ်ရေးအာဏာ၊ လွှတ်တော်က ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာလည်း သီးသန့်ပြန်ဖြစ်သွားပြီလေ။ အာဏာသုံးရပ်က (Check and balance) ဖြစ်သွားပြီ (separation power) ဖြစ်သွား ပြီလေ။ အခု လောလောဆယ်က အခြေခံဥပဒေက ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာပဲ အာဏာသုံးရပ်က ရှိတာကို အခြေခံဥပဒေက သူ့ကိုပေးထားတယ်လေ၊ အဲဒီ လွှတ်တော်အသစ် ပေါ်လာပြီ၊ အစိုးရသစ် ပေါ်လာပြီ ဆိုရင် အာဏာသုံးရပ်က ခွဲသွားပြီ။ ခွဲသွားတယ်ဆိုလို့ရှိရင် ဒါက အစိုးရသစ်ဖြစ်သွားပြီ၊ ဘယ်လိုပဲပြောပြော အရပ်သား အစိုးရသစ်တော့ ပေါ်လာမှာပဲ ပြည်ထောင်စုအစိုးရတင် မဟုတ်ဘူး။ တိုင်းဒေသကြီး အစိုးရသစ်လည်း ပေါ်လာမယ် ပြည်နယ်အစိုးရသစ်လည်း ပေါ်လာမယ်။ အဲကျရင် လူတွေက စိတ်ဓာတ်ကလည်း တစ်မျိုးပြောင်း လဲတာပေါ့။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ ဒါလွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ရမယ့် အလုပ်တွေလေ။ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ အစိုးရရယ် လုပ်ရမယ့် အလုပ်တွေ။ ဒါသူတို့အပေါ်မှာ အများကြီး တာဝန်ရှိသွားပြီ။ အမှန်အကန်ပဲလေ လွှတ်တော်က တိုင်းပြည်အတွက် ထွက်ပေါက်တစ်ခုပဲလေ ရွေးကောက်ပွဲဆိုတာ လုပ်လိုက်မှ အရပ်သားအစိုးရတစ်ရပ် ပေါ်လာမယ်လေ၊ ရွေးကောက် တင်မြှောက်တဲ့ အစိုးရ ပေါ်လာတယ်ဆိုလို့ရှိရင် နိုင်ငံတကာကလည်း အသိအမှတ်ပြုမှုက ရလာမယ်လေ”ဟု ပြောသည်။
ထို့ပြင် ပြည်သူလူထုများ အားလုံးအနေဖြင့် မကြာခင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင်ပြီး မိမိတို့ ဆန္ဒပြုသည့် ပါတီများသို့ လာရောက် မဲပေးကြရန်အတွက် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းမှ တိုက်တွန်းပြောဆိုထားသည်။
တခြားတစ်ဖက်မှာတော့ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး အင်အားစုများက မြန်မာနိုင်ငံ တွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက်ပျက်အောင် ဖျက်မည်ဟု ကြွေးကြော်ထားသလို ရွေးကောက်ပွဲ ပူး ပေါင်း ပါဝင်သူများကိုလည်း အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။
