CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံတွင် မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာကို ဖြေရှင်းပေးမည့် ရွေးကောက်ပွဲ ဖြစ်စေချင်ကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ် သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိနိုင်ငံရေး ပြဿနာများကို ဘယ်လို ဝိုင်းဝန်းဖြေရှင်း ကြမလဲဆိုသည့် ဦးတည်ချက်မျိုးဖြင့် သွားစေချင်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်း ဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို တွေ့ရစဉ်

၎င်းက “ဒီရွေးကောက်ပွဲက သာမန်အခြေအနေတွေမှာ လုပ်တဲ့ရွေးကောက်ပွဲလိုမျိုး သူပြိုင်ကိုယ်ပြိုင် တစ်ခါထဲ အသည်းအသန် ပြိုင်ဆိုင်ပြီးတော့ ယှဉ်ပြိုင်ကြတာထက်ကို လက်ရှိနိုင်ငံရေး ပြဿနာတွေကို ဘယ်လို ဝိုင်းဝန်း ဖြေရှင်းကြမလဲဆိုတဲ့ ဦးတည်ချက်မျိုးနဲ့ သွားစေချင်တယ်။ အခုက စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေ ဟာ တကယ် ဦးစားပေး ကိုင်တွယ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။ နောက်တစ်ခုကတော့ နှိုင်းယှဉ်မှုအရ ငြိမ်းချမ်းတဲ့ နေရာတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့လိုတယ်။ အဲ့တော့ ဦးစားပေး အစီအစဉ် တွေကိုတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ သေချာ တာက ရွေးကောက်ပွဲပြီးရင် လွှတ်တော်ပေါ်လာမှာ အဲ့တော့ လွှတ်တော်ပေါ်လာရင် ဥပဒေပြု အာဏာကို ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်တွေက ရွေးကောက် တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာမယ်။ အဲ့တော့ လွှတ်တော်မရှိတဲ့ အချိန်တွေမှာကတော့ အုပ်ချုပ်ရေးရော၊ ဥပဒေပြုရေးရောက တစ်ပေါင်းတစ်စည်းထဲ ဖြစ်နေတယ်။ ဒါကြောင့် ဥပဒေတွေကို ပြန်ပြီးသုံးသပ်တာတွေ ပြင်ဆင်ပြဋ္ဌာန်းတာတွေ ဥပဒေနဲ့ ညီမညီ စစ်ဆေးတာ ထိန်းကျောင်းတာ တွေ ဆောင်ရွက်နိုင်မယ်လို့ မြင်တယ်။ ဒါကြောင့် လောလောဆယ် အခြေအနေမှာ ဒီပဋိပက္ခကြီးကို‌ အားလုံး ပူးပေါင်း ညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့ပဲ ဦးတည်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့နောက် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလာမည့် အစိုးရသစ်ကို တပ်မတော်နှင့် USDP က ဦးဆောင်လာမည် ဖြစ်ကြောင်း၊ သို့သော် တခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကိုလည်း နေရာပေးဖွဲ့ စည်းခြင်းဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားရန် အထောက်အကူဖြစ်မည်ဟု နိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ထောက်ပြကြသည်။ 

လွှတ်တော်ကျင်းပနေစဉ်

အစိုးရအဖွဲ့ တစ်ရပ်ကမူ လူဟောင်းလူသစ်တွဲပြီး ထွက်လာလျှင် မျှော်လင့်ချက်ထား၍ရပြီး လူဟောင်းများဖြင့်သာ စုဖွဲ့လာမည်ဆိုပါက လက်ရှိ အခြေအနေထက် ပိုသည့် အခင်းအကျင်း တွေ့ရချင်မှ တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲပေါ့၊ လွှတ်တော် အနိုင်ရတဲ့ ကိုယ်စားလှယ်များနဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်သော လွှတ်တော်အသီးသီး ပေါ်လာမယ် လွှတ်တော်ကနေမှ ရွေးချယ်ပေး လိုက်သော ပြည်သူ့လွှတ်တော်ဆို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆို အမျိုးသားလွှတ်တော်။ ပြီးရင် တပ်မတော်သား ကိုယ်စားလှယ်တွေကနေ ရွေးချယ်ပေးလိုက်သော သမ္မတ ၃ ယောက် ပေါ်လာပြီးတော့မှ သမ္မတ ဖြစ်မယ့် သူပေါ်မှာပဲ မူတည်ပြီးတော့မှ သူ့သဘောဆန္ဒနဲ့ ဖွဲ့ရမှာကို။ ဆိုတော့ တစ်ခုရှိတာကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို တစ်ချက် စောင့်ကြည့်ရမှာပေါ့၊ လူထုအနေနဲ့ ဘယ်လောက်ထိ မဲထွက်ပေးမလဲ ဘာလဲဆိုတာကိုလည်း ကြည့်ရဦးမှာ။ အဲ့တာတွေ အားလုံးပြည့်စုံမှပဲ တိကျတဲ့ပုံသဏ္ဍကို မှန်းလို့ရမယ်ထင်ပါတယ်၊ အစိုးရအဖွဲ့ တစ်ရပ် ကတော့ အကုန်လုံး သိပြီးသား လူတွေပဲဆိုလည်း ဘာမှ သိပ်မြင်ရမှာမဟုတ်ဘူး။ ထက်ထက်မြက်မြက် လူငယ် ထဲကပေါ့၊ လူငယ်ဆိုတာ ဒီဝန်ကြီး တစ်ယောက်ဖြစ်ဖို့ ဒုဝန်ကြီးတစ်ယောက်ဖြစ်ဖို့ အသက်အရွယ်ပြည့်တဲ့ အဲ့လို မျိုးထဲက တွဲပြီးတော့ လူဟောင်းလူသစ် တွဲပြီး ထွက်လာရင်တော့ ပိုပြီးတော့မှ မျှော်လင့်ချက်ထားလို့ရတဲ့ အစိုးရ အဖွဲ့မျိုး မြင်ရမှာပေါ့။ အားလုံး ဒီလူတွေကြီးပဲ ဆိုရင်လည်း လက်ရှိ အခြေအနေထက် ပိုလာမယ့် အခင်းအကျင်း တွေ့ရချင်မှ တွေ့ရမှာပေါ့”ဟု ပြောသည်။

ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ မည်ကဲ့သို့ စုဖွဲ့မှု အစိုးရပုံစံမျိုး တက်လာနိုင်သလဲ ဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ပြည်တွင်း/ပြည်ပ သံမတန်များကတော့ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် အမည်ခံ သက်သက်သာဖြစ်ပြီး မည်သည့် ရလဒ်ထွက်လာပါစေ တပ်မတော်က ဦးဆောင်သည့် အစိုးရပုံစံတစ်ရပ်သာ ထွက်လာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် လေ့လာစောင့်ကြည့်သူများကတော့ ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ အသွင်သဏ္ဍာန်မျိုး ဖွဲ့စည်းပါက နိုင်ငံရေးနှင့်စစ်ရေး အကျပ်အတည်းများကို ဖြေ ရှင်းနိုင်မည်ဟု ထောက်ပြကြသည်။