CNI International News

အိုက်ဇော (မီဇိုရမ်)၊ နိုဝင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးအမျိုးသားတပ်မတော်(KNA-ချင်း)တို့ တိုက်ပွဲများ ဖြစ်ပွား၍ ကူကီးလူမျိုးဒုက္ခသည် ၂၉၃ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာခဲ့ကြ ကြောင်း အိန္ဒိယသတင်းဌာနများက ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းလမ်းကြောင်းမှ ကလေးသူငယ် ၁၄၈ ဦး အပါအဝင် ဒုက္ခသည် အနည်းဆုံး ၂၉၃ ဦးတို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်ကတည်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်း (Lawngtlai) ခရိုင်တွင် ခိုလှုံနေကြကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၈ ရက်တွင် ပြော ကြားခဲ့သည်ဟု အိန္ဒိယအခြေစိုက် Northeast Now သတင်းမှာ ဖော်ပြထားသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ကူကီးတပ်ဖွဲ့(KNA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ၍ စစ်တကောင်း တောင်တန်း လမ်းကြောင်းမှ ထွက်ပြေးလာကြသည့် ကူကီး-ချင်း (သို့မဟုတ်) မီဇိုဒုက္ခသည်များ ဖြစ်ကြသည်ဟု လောင်တလိုင်းခရိုင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တီတီဘန်ခိုင်ဇိုင် (TT Beikhaizi) က ရှင်းပြသည်။

ကူကီးအမျိုးသားတပ်မတော်(KNA)ကိုတွေ့ရစဉ် (GETTY IMAGES)

ပါဗာအမှတ် (၃) ကျေးရွာတွင် ခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ပြေးလာသူများအနက် အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၆၁ ဦးအထိ ရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဒုက္ခသည်များသည် ပါဗာအမှတ် (၃) ကျေးရွာရှိ စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနခွဲနှင့် အန်ဂန်ဝတီ ဌာနတို့၌ အသီးသီး ဖြန့်ကြက် နေထိုင်လျက် ရှိသည်။

ဒုက္ခသည်များ၏ အခြေအနေကို ခရိုင်အုပ်ချုပ်ရေးမှူးက အနီးကပ် စောင့်ကြည့်နေကြောင်း ဌာနခွဲအရာရှိ ဘန်ခိုင်ဇိုင်က ပြောကြားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပြင် လောင်တလိုင်းခရိုင်အခြေစိုက် ဗဟိုလူငယ်လိုင် (Lai) အသင်း (CYLA) အပါအဝင် စေတနာရှင်များ၊ ခရစ်ယာန်အသင်းတော်များနှင့် NGO အဖွဲ့အစည်းများက ဒုက္ခသည်များအတွက် အစား အသောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

လတ်တလော ကာလအတွင်း လောင်တလိုင်းခရိုင် လက်ထောက်မင်းကြီး အေမောသီရိဗာစတာဗာက နိုဝင်ဘာ ၂၈ ရက်တွင် တာဝန်ရှိသူများ၊ NGO များနှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များကို တွေ့ဆုံခဲ့သည်။

၎င်းက အခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ်မှလာသည့် ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ဖို့ ပြောကြားခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အေမောသီရိဗာစတာဗာက ဒုက္ခသည်များ ဝင်ရောက်လာကြောင်း သိရှိပြီးသည်နှင့် ခရိုင်အုပ်ချုပ်ရေးအပိုင်းက အဆောတလျင် ကိုင်တွယ်ဆောင်ရွက်ပေးခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်လူထုဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသော ဒုက္ခသည်များသည် လူမှုအသိုင်းအဝိုင်းများတွင် သာမက လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင်ပါ အကူအညီ ပေးသင့်ကြောင်း လက်ထောက်မင်းကြီးက ဖြည့်စွက် ပြောကြားခဲ့ သည်။

မီဇိုရမ်ပြည်နယ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၁၈ ကီလိုမီတာ ရှည်လျားစွာ ထိစပ်နေသည့် နယ်စပ် ဖြစ်သည်။

Source: Northeast Now