CNI International News
ဒါကာ၊ ဇွန်လ ၂၃
ဥရောပသမဂ္ဂ (EU) ၏ မကြာသေးမီက တရားဝင် အတည်ပြုခဲ့သည့် ရွှေ့ပြောင်း နေထိုင်မှုနှင့် ခိုလှုံခွင့်ဆိုင်ရာ သဘောတူညီချက် အသစ်သည် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းများကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဥရောပသို့ ဝင်ရောက်လာသူ အများစုသည် စ-စ်ဘေးဒုက္ခသည်များ မဟုတ်ဘဲ စီးပွားရေးအရ ပိုမို ကောင်းမွန်သည့် အနာဂတ်အတွက် လာရောက်ကြသူများ ဖြစ်နေသဖြင့် EU အနေဖြင့် စည်းကမ်းချက်များကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေရသည်။
ထိုအစီအမံများအနက် ဥရောပတွင် ခိုလှုံခွင့်ရရှိရန် အခွင့်အရေး ၂၀ ရာခိုင်နှုန်းအောက်သာရှိသည့် ဘင်္ဂလားဒေ့ရှ် ကဲ့သို့ နိုင်ငံများမှ လာရောက်သူများကို ဥရောပ ကုန်းတွင်းပိုင်းအတွင်းသို့ ပေးမဝင်ဘဲ နယ်စပ်ထိန်းသိမ်းရေး စခန်းများတွင် သီတင်းပတ် ၁၂ ပတ်ကြာ အမြန်စိစစ်ပြီး နေရပ်ပြန်လွှတ်မည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။
သို့သော် EU အနေဖြင့် ဥပဒေများကို မည်မျှပင် တင်းကျပ်ထားစေကာမူ လက်တွေ့တွင် အဓိက ရင်ဆိုင်နေရသည့် အခက်အခဲမှာ ရွှေ့ပြောင်းများ၏ မိခင်နိုင်ငံများမှ အစိုးရများ၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။

ဥရောပနိုင်ငံသားတွေရဲ့ သဘောထားကို ထုတ်ဖော်နေကြစဉ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို နေရပ် ပြန်လည်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် တရားဝင် သဘောတူညီ ချက်များ လိုအပ်ပြီး၊ ထိုသို့ ပူးပေါင်းဆောင်ရွက်လာစေရန် EU ဘက်က ဖွံ့ဖြိုးရေး အကူအညီများနှင့် ကုန်သွယ်ရေး အခွင့်အရေးများကို အသုံးချကာ သံတမန်နည်းအရ ဆွေးနွေးမှုများ ပြုလုပ်နေရသည်။
ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်း နေထိုင်သူ အများစုသည် ဥရောပသို့ တရားမဝင် ဝင်ရောက်ရန်အတွက် လူမှောင်ခို ပွဲစားများကို အမေရိကန်ဒေါ်လာ ထောင်နှင့်ချီပြီး အကျိုးဆောင်ခ ပေးဆောင်ခဲ့ကြရပြီး လစ်ဗျား၊ တူရကီနှင့် ဘော်လ်ကန် ဒေသများမှတဆင့် အသက်အန္တရာယ်များလှသည့် လမ်းကြောင်းများကို ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်သည်။
EU ၏ သဘောတူညီချက် အသစ်သည် ထိုကဲ့သို့သော လူမှောင်ခိုလုပ်ငန်း ကွန်ရက်များကို နှိမ်နင်းရန် ရည်ရွယ် သော်လည်း လမ်းကြောင်းဟောင်းများ ပိတ်သွားပါက ပိုမို အန္တရာယ်များသည့် လမ်းကြောင်းသစ်များ ပေါ်ပေါက် လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ရွှေ့ပြောင်းနေထိုင်သူများကို ကယ်ဆယ်နေစဉ်
ယခုဥပဒေအသစ်အရ နယ်စပ်တွင် အမြန်စိစစ်နေစဉ် ကာလအတွင်း ရွှေ့ပြောင်း နေထိုင်သူများကို အကျဉ်းစခန်း သဖွယ် ထိန်းသိမ်းရေးစင်တာများတွင် ထားရှိမည်ဖြစ်သဖြင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက စိုးရိမ်နေကြ သည်။
ဥရောပသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ သိန်းခွဲနီးပါး တရားမဝင် ဝင်ရောက်ခဲ့သည့် ဖြစ်စဉ်သည် EU ၏ ရွှေ့ပြောင်း နေထိုင်မှု ပြဿနာသည် အလွန်ကြီးမားကြောင်း ပြသနေပြီး ဥပဒေအသစ်သည် တရားမဝင် ဝင်ရောက်မှုကို ထိရောက်စွာ တားဆီးနိုင်မည် ဟုတ်၊ မဟုတ် စောင့်ကြည့်ရမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
