CNI International News

အင်ဖာ၊ ဇန်နဝါရီ ၆

အိန္ဒိယနိုင်ငံ၏ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် အစီအစဉ် (FMR)ကို အဆုံး သတ်ရန် အိန္ဒိယဗဟိုအစိုးရက စဉ်းစားနေကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။

ထိုအစီအစဉ်ကို အဆုံးသတ်ရန် မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh) က တိုက်တွန်း ခဲ့ပြီးနောက် ဗဟိုအစိုးရက ထိုအရေးကိစ္စအတွက် အစီအစဉ်များအား ချမျတ်လုပ်ဆောင်နေခြင်း ဖြစ်သည်။

မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား လွတ်လပ်စွာ သွားလာခွင့် အစီအစဉ်အရ နှစ်ဘက်စလုံးတွင် နေထိုင် သည့် ဒေသခံများသည် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာအထိ ဝင်ရောက်သွားလာခွင့် ရရှိထားသည်။

မဏိပူရပြည်နယ်တစ်ဝန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ နောက်ကြောင်း ရာဇဝင်များနှင့် မြန်မာနိုင်ငံသား များ အစုလိုက်အပြုံလိုက် ဝင်ရောက်မှု အခြေအနေများကြောင့် အိန္ဒိယဗဟိုအစိုးရက FMR ကို အဆုံးသတ်ရန် စီစဉ်လာခဲ့ခြင်း ဖြစ်သည်။

တမူး(မြန်မာ)-မိုရေး(အိန္ဒိယ)နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ တတိယပတ်တွင် အန်ဘီရန်ဆင်းသည် ထိုသဘောတူညီချက်အား ထာဝရ ပိတ်သိမ်းရန် ဗဟိုအစိုးရကို တောင်းဆိုထားသည့် တစ်စောင်ပေးပို့ခဲ့သည်။

FMR သည် အိန္ဒိယနှင့် မြန်မာအကြား နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဗီဇာမလိုဘဲ သွားလာလှုပ်ရှားခွင့် ပေးထားသည့် သဘောတူညီချက်ဖြစ်သည်။

မဏိပူရပြည်နယ်မှ BJP လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ရာ့ဂျ်ကူမာ အင်မို (Rajkumar Imo) ကမူ လက်ရှိ အချိန်တွင် FMR ကို အဆုံးသတ်ရေးနှင့် နယ်စပ်စည်းရိုး အပြီးသတ် တည်ဆောက်ရေးတို့သည် အရေးကြီးသည့် ကိစ္စများဖြစ်ပြီး လွှတ်တော်အမတ်အားလုံးက ဗဟိုအစိုးရကို တောင်းဆိုနေသည့် အရာများဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ချင်း ထိစပ်မှုသည် ၁၆၄၃ ကီလိုမီတာရှည်လျားပြီး လက်ရှိတွင် မြန်မာနိုင်ငံ သား ၁၀,၀၀၀ ခန့် ခိုလှုံနေထိုင်နေသည့် မဏိပူရပြည်နယ်နှင့် မြန်မာအကြား နယ်စပ်ချင်းထိစပ်မှုသည် ၃၈၉ ကီလိုမီတာရှိသည်။

မဏိပူရနှင့် မြန်မာနယ်စပ်ထိတွေ့မှု ၃၈၉ ကီလိုမီတာအနက် ၁၆ ကီလိုမီတာသာ နယ်စပ်စည်းရိုး တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။

Source: Northeast Now