CNI Article News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ သွားခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံး လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် ဗုဒ္ဓဘာသာ၊ စီးပွားရေး၊ ဘောလိဝုဒ်၊ ဂန္ထဝင်အကဖြစ်သည့် ဘာရတ်နတ်တံ (Bharatana tyam) နှင့် မြန်မာ့ကျွန်းသစ် စသည့် အကြောင်းတရား ၅ မျိုးတို့ဖြင့် အစဉ်သဖြင့် လမ်းပွင့်နေခဲ့သည်။

ထို့ကြောင့် စစ်တပ် အာဏာရယူမှုသည် အိန္ဒိယအတွက် မလွဲမသွေ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ စစ်တပ်အာဏာ ရယူမှု တလျှောက်လုံး အိန္ဒိယသည် ၎င်း၏ သံတမန်ဆက်ဆံရေးကို သတိကြီးကြီးထားခဲ့သည်။

အကြမ်းဖက်မှုများနှင့် တပ်မတော် (မြန်မာ့အာဏာသိမ်းစစ်အုပ်စု၏ တရားဝင်အမည်)ကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့သော် လည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်၏ တရားဝင်မှုကိုတော့ အိန္ဒိယက အားဖြည့်ပေးခြင်း မရှိပေ။

အိန္ဒိယ၏ မဟာဗျူဟာနှင့် မရှင်းလင်းသော စွက်ဖက်မှု နောက်ကွယ်တွင် သိသာထင်ရှားသော အချက်တစ်ခုမှာ ၎င်း၏ Act East Policy (AEP) ဖြစ်သည်။

“အရှေ့ဘက်နှင့် အလုပ်လုပ်” ဟူသော မူဝါဒဖြစ်သည်။ AEP သည် အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု တိုးတက်စေခြင်းဖြင့် ဆက်သွယ်မှု၊ ကုန်သွယ်မှု၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် လူအချင်းချင်း ဆက်သွယ်မှု နယ်ပယ် များအတွက် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား သံတမန် နည်းဗျူဟာတစ်ခု ဖြစ်သည်။

ဤဒေသ၏ ပထဝီဝင်နိုင်ငံရေး တည်နေရာသည် အနောက်နှင့် အရှေ့ နှစ်ခုစလုံးရှိ အိန္ဒိယ၏ မိတ်ဖက် ဆက်ဆံရေးကို မြှင့် တင် ပေးနိုင်သည်။ ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်၍ အသိုင်းအဝိုင်းတိုင်း လိုလိုတွင် ၎င်းတို့၏ ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေး အကျိုးစီးပွားများ ရှိကြသည်။

အဆိုပါ ကိစ္စရပ်များသည် အစိုးရများနှင့် နိုင်ငံတကာတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းခဲ့သော်လည်း ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ အတွက်တော့ နှစ်နိုင်ငံ ဆက်ဆံရေး အောင်မြင်မှုကြားတွင် အခြေခံ လူတန်းစားများအဖြစ်သာ ဆက်လက် ကျန်ရစ်နေခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ယင်းကဲ့သို့ အရေးကြီးသော ကိစ္စရပ်များ ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ် အာဏာ ရယူမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ မဟာဗျူဟာကလည်း အရှေ့မြောက်ဒေသရှိ(NER) ဌာနေတိုင်းရင်းသားများ၏ လုံခြုံရေးကို အလေးထားသလို ထိုအရေးကို အမျိုးသားရေး ပြဿနာအဖြစ် ရှုမြင်ပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် မဏိပူရပြည်နယ်၊ ချူရာချန်ပါခရိုင်တွင် အာသံရိုင်ဖယ်တပ်မှူး ဗိုလ်မှူးကြီး Viplav Tripathi နှင့် ၎င်း၏မိသားစုဝင် ၄ ဦးတို့ကို စစ်သွေးကြွများ ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၏ သဘောထားကို ထင်ရှားစွာ တွေ့နိုင်သည်။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ လုံခြုံရေး ယူနေစဉ် (CNI)

ထိုသို့သော လုံခြုံရေး ပြဿနာများက အိန္ဒိယအရှေ့မြောက်ဒေသတွင် ဒုနဲ့ဒေးရှိနေဆဲ ဖြစ်သည်။ ထို့နောက်တွင် နာဂလန်း ဒေသ၊ မွန်းနယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို သတ်ဖြတ်သဖြင့် ဒေသတွင်း၌ တက်ကြွစွာ ဆောင်ရွက် နေသော ပေါင်းစည်းမှု လုပ်ငန်းစဉ်ကို နှေးကွေးသွားစေခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ တိုးလာခဲ့သည်။

အထက်ပါ ပြဿနာများ ရှင်းလင်းပြီးသည်နှင့် ချက်ချင်းဆိုသလို အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့ များ အထူးအာဏာအက်ဥပဒေ (AFSPA) ကို ဖျက်သိမ်းပေးရေး တောင်းဆို ကြွေးကြော်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် ဒေသတွင်း လုံခြုံရေးအတွက် ကြောက်ရွံ့ ထိတ်လန့်မှုများမှာ ပိုမိုတိုးပွားလာခဲ့သည်။

သို့ဖြစ်၍ အိန္ဒိယဗဟိုအစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာအက်ဉပဒေ(AFSPA)အမိန့်ကို ခရိုင် ၂၃ ခုမှ လုံးဝ ရုပ်သိမ်းလိုက်သည်။ အမိန့် ရုပ်သိမ်းပေးလိုက်သော ခရိုင်များအနက် အာသံပြည်နယ်မှ ခရိုင်တစ်ခု၏ တစိတ်တပိုင်း၊ နာဂ လန်းတွင် ၇ ခုနှင့် မဏိပူရတွင် ၆ ခုတို့ ပါဝင်ကြသည်။

ဒေသတွင်း နိုင်ငံရေးကို အထူးပြု လေ့လာသူ စာရေးဆရာ ဆန်ဂျစ်ဘာရတ် (Sanjib Baruah) က “အရှေ့မြောက်ဒေသရှိ အိန္ဒိယ၏ ပြဿနာများသည် လက်နက်ကိုင် ပဋိပက္ခမှ အစပြုပြီး လက်နက်ကိုင် ပဋိပက္ခဖြင့်ပင် အဆုံးသတ်မည်ကို ဟန်ဆောင် ဖုံးကွယ်ခြင်းသည် အကျိုးမရှိ”ဟု စောဒကတက်ခဲ့သည်။

အိန္ဒိယဗဟိုအစိုးရသည် AEP ကို ​​လက်နက်ကိုင် ပဋိပက္ခများ ပပျောက်စေရန်၊ ဒေသတွင်း လုံခြုံရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးရန် မူဝါဒတစ်ရပ်အဖြစ် မျှတမှုရှိစေလိုသည်။

သို့သော်လည်း မြန်မာစစ်တပ်က အာဏာသိမ်းမှု ကဲ့သို့သော အကျပ်အတည်းကာလတွင် အိန္ဒိယအစိုးရသည် ဌာနေ တိုင်းရင်းသားများအပေါ် အန္တရာယ်ရှိသော အကာအကွယ် ပေးရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို အသိအမှတ်ပြုရန် စိုးရိမ်မှု အနည်းဆုံးထားခဲ့သည်။

ရာဘူးပက်ဂီရိ (Rubul Patgiri) နှင့် အော်ဘဂျာ ဘိုရက် ဟာဇာရီကာ (Obja Borah Hazarika) ကဲ့သို့သော တတ်သိပညာရှင် များက AEP မူဝါဒသည် မဏိပူရ၊ အာသံနှင့် နာဂလန်း တို့ရှိ လက်နက်ကိုင် ပဋိပက္ခများကို သက်သာရာ ရစေနိုင်ကြောင်း အခြေအတင် ငြင်းခုံကြသည်။

နာဂ လက်နက်ကိုင်အဖွဲ့

အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် အိမ်နီးချင်း နိုင်ငံများတွင် ၎င်းတို့၏ ယာယီစခန်းများ ထားရှိပြီး လေ့ကျင့်ရေး၊ ငွေကြေး နှင့် အထောက်အပံ့များ လက်ခံသည့် နေရာအဖြစ် တည်ဆောက်ထားကြသည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ နေထိုင်မှု ဘဝ တိုးတက် ကောင်းမွန်လာပါ့မလား မေးခွန်းကို ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

သို့သော်လည်း အိန္ဒိယရှိ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာနိုင်ငံရှိ စစ်သွေးကြွများကြား အပြန်အလှန် ခြိမ်းခြောက်မှုများကို လေ့လာ တွေ့ရှိချက်များအရ ပျံ့နှံ့နေသော အခြေအနေတစ်ရပ်၏ ရိုးရှင်းမှုတစ်ခုကို မြင်ရသည်။

ပြည်တွင်း ပဋိပက္ခကို ဟန်ချက်ညီအောင် ထိန်းကျောင်းရန်အတွက် စစ်အာဏာရှင်များသည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင် အဖွဲ့များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။

ထိုစာချုပ်များသည် လက်နက်ကိုင်အဖွဲ့များကို အားကောင်းစေပြီး လုံခြုံရေးပြဿနာများနှင့် ပို၍ပင် သက်ဆိုင်စေသည်။ မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ လက်ရှိကာလ မရှင်းလင်းသော ထိတွေ့ဆက်ဆံမှုသည် AEP မူဝါဒ တိုးတက်မှုထက် ဒေသတွင်း ရှိ ဌာနေတိုင်းရင်းသားများ၏ ဘဝကို အနှောင့်အယှက်ပေးရုံသာ ဖြစ်နေသည်။

အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော်လည်း AEP မူဝါဒ အကောင်အထည် ဖော်မှုသည် ဒေသတွင်းရှိ ဌာနေ တိုင်းရင်းသားများအတွက် ကျေနပ်လောက်စရာ ညှိနှိုင်းဆွေးနွေးမှုရလဒ် မထွက်ခဲ့သဖြင့် AEP ကို ​​အကောင်အထည် ဖော်မှုမှာ အားနည်းသည်ဟု ပြောလျှင်ရသည်။  

AEP သည် စီးပွားရေးအရ နှစ်လိုဖွယ်မရှိသော မြေမျက်နှာသွင်ပြင်နှင့် ဒေသခံလူဦးရေ၏ ယဉ်ကျေးမှုဆိုင်ရာတို့ကို လျစ်လျူ ရှုထား၍ ပထဝီဝင် နိုင်ငံရေးအရ အိန္ဒိယအတွက် မလိုအပ်သော ဒေသအဖြစ် အရှေ့မြောက်၏ သမိုင်းအား ထပ်မံ အတည်ပြု လိုက်သလို ဖြစ်နေသည်။

ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာများအပေါ် အိန္ဒိယအစိုးရ၏ မလိုလားအပ်သော တုံ့ပြန်မှုများသည် အမျိုးသား အကျိုး စီးပွားကို ဖြည့်ဆည်းရာတွင် အဟန့်အတား ဖြစ်စေသည်။ ဗဟိုအစိုးရသည် ဌာနေတိုင်းရင်းသားများ၏ လိုအပ်ချက်များကို အာရုံမစိုက်သရွေ့ AEP အောင်မြင်မည် မဟုတ်ပေ။

မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ မဏိပူရ်တက္ကသိုလ်

AEP ၏ ကျရှုံးမှုသည် တရုတ်က အိန္ဒိယကို အသာစီး ရစေမည် ဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ တိုးလာ၍ ဖြစ်သည်။ ဘေဂျင်းသည် မြန်မာပြည်တွင်း အကြီးဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး မြန်မာသည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး တွက်ချက်မှုတွင် ထင်ရှားစွာ ပါဝင်လာနေသည်။  

ဘင်္ဂါလီ (မူရင်း-ရို) အကျပ်အတည်း အပြီးတွင် တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် ခိုင်မာသော ထိတွေ့ ဆက်ဆံမှု မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းထားလျက် NLD ကို ထောက်ခံခဲ့သည်။

ထို့နောက် တရုတ်သည် မြန်မာနှင့် စီးပွားရေး စင်္ကြန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ မကြာသေးမီက သံတမန်ရေးရာ တိုးတက်မှုကို ကြည့်လျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ မြန်မာအစိုးရအား ကျောထောက်နောက်ခံ ပြုပေးမည်”ဟု ကြေညာခဲ့ပြီး အလွန်အရေးပါသည့် နေပြည်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်လိုသော ဘေဂျင်း၏ ဆန္ဒကို ပြသခဲ့သည်။

မြန်မာနိုင်ငံသည် အာရှလမ်းမကြီး၏ စင်္ကြန်ဖြစ်သောကြောင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို လွှမ်းမိုး ရန် အိန္ဒိယ၏ ရည်မှန်းချက်မှာ နှောင့်နှေးဆဲပင် ရှိသေးသည်။  

ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် မြန်မာနိုင်ငံကို စစ်တပ်က သိမ်းပိုက်ထားပြီးနောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား တိုးတက် ဖြစ်ထွန်းမှု မှန်သမျှမှာလည်း ရပ်တန့်နေခဲ့သည်။

AEP အောင်မြင်ရသည်ဆိုလျှင် အိန္ဒိယ၏ အရှေ့မြောက်ဒေသ ရပ်တည်ချက်ကို ပိုမိုအားကောင်း လာစရာရှိသည်။ အဆိုပါ မူဝါဒသည် ၎င်း၏ အိမ်နီးချင်းများနှင့် အိန္ဒိယ၏ ထိတွေ့ဆက်ဆံမှုကို ထပ်မံ ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့် လျှော့တွက်၍ မရနိုင်ကြောင်း။                ။

Source: The Wire  

(The Wire အိန္ဒိယဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Sangmuan Hangsing နှင့်  Suanmuanlian Tonsing တို့၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)