CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁

ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ကွင်းလယ်လူကိုင်စီဒို တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက် တသမတ်တည်း မရှိမှုကို မေးခွန်း ထုတ်ခဲ့ပါတယ်။ 

မာရက်စ်ကာက “ကိုင်စီဒိုရဲ့ အနီကတ်အကြောင်း ကျနော့်ကို မေးကြပေမယ့် ဒါက အနီကတ်ပါပဲ။ ဒါဆိုရင် စပါး အသင်းနဲ့ပွဲမှာ ဘန်တန်ကာက ရီးစ်ဂျိမ်းစ်ကို ဖျက်ထုတ်တာ ဘာကြောင့် အနီကတ်မပြတာလဲ။ ဒါကြောင့် ကျနော် တို့ နည်းပြတွေဟာ ဒိုင်လူကြီးတွေရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်တွေကို နားလည်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ ချာလိုဘာရဲ့ ဖြစ်ရပ်အတွက်လည်း ဒိုင်လူကြီးကို ကျနော်မေးခဲ့ပါတယ်။ သူကတော့ တံတောင်နဲ့တိုက်ခဲ့တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒိုင်တွေဟာ မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချနေကြပါတယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ကိုင်စီဒိုဟာ မယ်ရီနိုကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာက VAR သုံးသပ်အပြီးမှာ တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် ချာလိုဘာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး မယ်ရီနိုက အာဆင်နယ်အသင်းအတွက် ချေပဂိုးပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီသရေနဲ့ အမှတ်ခွဲယူခဲ့ရတာပါ။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကိုင်စီဒိုရဲ့ အနီကတ်ဟာ ထိုက်တန်ပေမယ့် ချာလိုဘာကို တံတောင်နဲ့ တိုက်ခဲ့တဲ့ အာဆင်နယ်အသင်း နောက်ခံလူ ဟင်ကာပီလည်း အနီကတ်ပြသခံရပြီး ထုတ်ပယ်ခံရသင့်တယ်လို့ ယုံကြည်နေပါတယ်။

ချယ်လ်ဆီးအသင်း အငြင်းပွားနေစဉ် 

ဒါ့အပြင် မာရက်စ်ကာက အသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ကို စပါးအသင်း ကွင်းလယ်လူ ဘန်တန်ကာ ဖျက်ထုတ် ခဲ့တာနဲ့ ပတ်သက်ပြီး ကိုင်စီဒိုရဲ့ အနီကတ်ပြသခံရတာနဲ့ နှိုင်းယှဉ်ကာ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို မေးခွန်း ထုတ်ခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကိုင်စီဒို ထုတ်ပယ်ခံရအပြီးမှာ ချယ်လ်ဆီးအသင်း ကစားသမားတွေ ဟာ သူ့ရဲ့ကစားသမားတွေ ထုတ်ပယ်ခံရအောင် ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဇူဘီမန်ဒီ၊ မိုစကွဲယား၊ ကာလာဖီအိုရီနဲ့ ဟင်ကာပီတို့ အဝါကတ် ပြသခံခဲ့ရပြီး ဒုတိယပိုင်းမှာ ကာလာဖီအိုရီရဲ့နေရာ လူစားလဲဝင်လာခဲ့တဲ့ စကယ်လီ၊ တိုက်စစ်မှူး ယိုကီရက်စ်တို့လည်း အဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။ 

Source: ESPN