CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

မက်ဆီဟာ ရော်နယ်ဒိုရဲ့ အင်စတာဂရမ် Like အများဆုံးရတဲ့ စံချိန်ကို ချိုးဖျက်ပြီး အားကစားသမားထဲမှာ Like အများဆုံးရတဲ့သူအဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆုရရှိခဲ့တဲ့ ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

ဒီပို့စ်ဟာ Likes ပေါင်း ၅၄ သန်းကျော် ရရှိနေပြီး အားကစားသမား တစ်ဦးရဲ့ ပို့စ်မှာ စံချိန်သစ် ဖြစ်ခဲ့ပါတယ်။

အရင်က စံချိန်တင်ခဲ့တဲ့ ပို့စ်ကတော့ ရော်နယ်ဒိုရဲ့ ပို့စ်ဖြစ်ပြီး သူနဲ့ မက်ဆီတို့ စစ်တုရင် ထိုးနေတဲ့ပုံကို တင်ထားခဲ့တာပါ။ ဒီပို့စ်ဟာ Likes ပေါင်း ၄၂ သန်းကျော် ရရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာ မက်ဆီက ဒီစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို စစ်တုရင် ကစားနေစဉ် 

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ အရင်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ Likes အများဆုံး ရရှိတဲ့သူတွေအဖြစ် တစ်ဦးနဲ့ တစ်ဦး စံချိန်တွေကို ချိုးဖျက်ပြီး စံချိန်သစ်တွေကို တင်နေခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၈ လနီးပါးကလည်း မက်ဆီဟာ ရော်နယ်ဒိုရဲ့ စံချိန်ကို ကိုပါအမေရိကဖလားရပြီး အောင်ပွဲခံတဲ့ ပို့စ်နဲ့ ချိုးဖျက်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက မက်ဆီရဲ့ ပို့စ် Likes ဟာ ၂၂ သန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကစားသမားဘဝ တလျှောက် ကြီးမားတဲ့ ပြိုင်ဘက်တွေအဖြစ် လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော် အတွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလွန်းဒီအောဆုကို ၁၂ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။

ကလပ်အသင်းတွေနဲ့လည်း ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို နိုင်ငံအသင်းတွေနဲ့ အတူလည်း အောင်မြင် မှုတွေ ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် မက်ဆီကတော့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆု ရယူ နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒါ့အပြင် မကြာခင် အချိန်အတွင်းမှာ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပူးပေါင်းရမှာ ဖြစ်ပေမယ့် ရော်နယ်ဒို ကတော့ အသင်းသစ် ရှာဖွေနေရတာ ဖြစ်ပါတယ်။

Source: Goal