CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

နိုင်ငံတော်အာဏာကို ရယူထားသည့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအလွန်မှာ သက်တမ်း ကုန်တော့မည် ဖြစ်သည့်အတွက် မည်သည့် နိုင်ငံရေးအခင်းအကျင်းမျိုး ဖြစ်ပေါ်မည်ကို နိုင်ငံရေး အသိုင်းအဝိုင်း ကြားမှာ သုံးသပ်မှုများ ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးမြင့်ဆွေ ဦးဆောင်သည့် ကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီမှ နိုင်ငံတော်အာဏာ ကို ပြန်ယူကာ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ကြောင်း ရခိုင့်ဦး‌ဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “အခြေခံဥပဒေအရတော့ နစကကို တနည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ အပ်နှင်းတာက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဲဒီတော့ တစ်နှစ်ရယ်၊ ၆ လနှစ်ကြိမ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူအပ်နှင်းထားတဲ့ ကာလက ပြီးမြောက်တာပေါ့၊ ပြီးမြောက်တော့ အပ်နှင်းထားတဲ့ မူလအမိန့်ကို ကာ/လုံက ပြန်ရုပ်သိမ်းမှာပေါ့၊ အဲဒီ‌တော့ နိုင်ငံတော်သမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက နိုင်ငံတော်ရဲ့အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ရယူမှာပေါ့၊ ပြီးရင် ရွေးကောက်ပွဲကို ၆ လ အတွင်းမှာ ကျင်းပပေးရမှာပေါ့၊ အဲဒီတော့ နိုင်ငံတော် သမ္မတကြီးဖက်က ဥပဒေပြုမှု အာဏာရှိတာပေါ့၊ အုပ်ချုပ် ရေး ယန္တရားနဲ့ ပတ်သက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းချက်ပါအတိုင်း ဘယ်လို ဆက်သွားမှာလဲဆိုတာ ကာ/လုံ ဖက်ကတော့ စနစ်တကျ ခုကတည်းက ပြင်ဆင်ထားနှင့်ပြီးပြီလို့တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသည်ကိုတွေ့ရစဉ် (GETTY IMAGES)

ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်လာသည့် အစိုးရကို လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေမှ တာဝန်လွှဲပြောင်းပေး ချိန်အထိ တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ မလုံခြုံသည့် အခြေအနေအောက်တွင် နေရာအနှံ့ အကြမ်းဖက်မှုများ ရှိလာနိုင်ကြောင်း၊ အဆိုပါ ပြဿနာ များကို သာမန်ရွေးကောက်ပွဲဖြင့် မဖြေရှင်းနိုင်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာန သို့ ပြောသည်။

ဦးကိုကိုကြီးက “ပုံမှန်အားဖြင့်က‌တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်းချက်အရ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်ပြီးတော့ လွှဲအပ်ရမှာပေါ့၊ ပြီးတဲ့အခါကြတော့ အဲဒီ ကာ/လုံ ကနေ ပြီးတော့ ၆ လ အတောအတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်၊ ဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြဋ္ဌာန်း ချက် သို့သော် ဒီအတိုင်း လုပ်သွားရင်‌တော့ ခုနက ပြောတဲ့ မလုံမခြုံတဲ့ ပဋိပက္ခ တင်းမာမှုတွေလည်း ဆက်ပြီး ရှိနေတယ်၊ နောက်ပြောရရင် ပြည်တွင်းမှာ လက်နက်ဗုံးတွေပေါ့၊ ကျနော်တို့ နေရာအနှံ့မှာလည်းပဲ ပျံ့နှံ့နေတဲ့ဟာ တွေ ရှိတယ်၊ ခြိမ်းခြောက်မှုတွေ ဒီလိုမျိုး အကြမ်းဖက်မှုတွေ နှစ်ဖက်စလုံး ကနေပြီးတော့ပေါ့နော်၊ ဒါမျိုးတွေ ရှိနေ တဲ့ အခြေအနေမျိုးမှာ သာမန် ရွေးကောက်ပွဲနဲ့တော့ ဒီပြဿနာတွေ မဖြေရှင်းနိုင်ဘူးလို့ ကျနော်ထင်တယ်၊ ဒါ ကျနော် အရင့်အရင်က သာမှန်အေးချမ်းနေတဲ့ အခြေအနေမှာတောင်မှ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဆိုတာ အရေး ကြီး တယ်ဆိုတာ မှန်ပေမဲ့လို့ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်က ထပ်တူ မဖြစ်ဘူး။ ရွေးကောက်ပွဲ တစ်ခု တည်းနဲ့ ၉၆ ပါးရောဂါကို ပျောက်နိုင်တဲ့ ဆေးမဟုတ်ဘူး။ အရေးကြီးတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကြားထဲမှာ ရှိတဲ့ နိုင်ငံရေးသဘောတူညီချက်က အင်မတန် အရေးကြီးပါတယ်လို့ ကျနော် ထပ်ခါ တလဲလဲ ပြောခဲ့တယ်။ အခု လည်းပဲ ဒီအတိုင်းသွားရင် ဒီရွေးကောက်ပွဲဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပုံစံဖြစ်မှာထက်ကို နောက် ထပ် စိန်ခေါ်မှု အသစ်တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တော့ မြင်တယ်” ဟု ပြောသည်။

တပ်မတော်ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲ၀င်နေခြင်းကို တွေ့ရစဉ် (GETTY IMAGES)

ထို့ကြောင့် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ယုံကြည်ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများအတွက် နိုင်ငံ‌ရေး မျှော်လင့်ချက် ကောင်းကောင်း တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှ ရယူပြီးနောက် နိုင်ငံတော်ကို အရေးပေါ် တစ်နှစ်ကြေညာခဲ့သည်။ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၆ လ တစ်ကြိမ်ဖြင့် နှစ်ကြိမ် သက် တမ်းတိုးခဲ့ရာ မကြာမီကာလတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။