CNI International News

ရီဂါ၊ ဒီဇင်ဘာ ၁၅

ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန် လတ်ဗီးယား နိုင်ငံရေးပါတီ သုံးခုက သဘောတူညီချက်တွင် လက်မှတ် ရေးထိုးခဲ့သည်ဟု အယ်ဂျာဇီးယားက ဖော်ပြထားသည်။

အိမ်နီးချင်း ရုရှားနိုင်ငံ၏ ယူကရိန်းကျူးကျော်စစ်၊ စီးပွားရေးဆိုင်ရာ အခက်အခဲများကြောင့် နိုင်ငံတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး နှစ်လအကြာမှ ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့သစ်ကို ဝန်ကြီးချုပ် ခရစ္စဂျားနစ် ကာရင်းစ်၏ အာဏာရ ဗဟိုလက်ယာ New Unity ပါတီက ဦးဆောင် သွားမည် ဖြစ်သည်။

ထိုပါတီသည် အောက်တိုဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ၁၉ ရာခိုင်နှုန်း အနိုင် ရရှိခဲ့သည့် ပါတီဖြစ်သည်။

ကျန်ပါတီနှစ်ခုမှာ ကွန်ဆာဗေးတစ်(National Alliance)ပါတီနှင့် အစွန်းမရောက်သော United List ပါတီတို့ ဖြစ်သည်။

လတ်ဗီးယား လွှတ်တော်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုပါတီ ၃ ခုသည် အစိုးရသစ် လုပ်ငန်းများကို ကဏ္ဍ ၅ ရပ် ခွဲခြားဆောင်ရွက်သွားရန် ဗုဒ္ဓဟူး(ဒီဇင်ဘာ ၁၄ ရက်) နေ့တွင် ကတိပြုခဲ့ ကြသည်။

၎င်းတို့မှာ နိုင်ငံ၏ လုံခြုံရေး၊ ပညာရေး၊ စွမ်းအင်၊ ယှဉ်ပြိုင်ခြင်းနှင့် လူနေမှုဘဝတို့ ဖြစ်သည်။ ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက် တစ်စောင်တွင် ပါတီများက ဝန်ကြီးချုပ် ဒုတိယ အစိုးရသက်တမ်း၏ ရည်ရွယ်ချက်မှာ လတ်ဗီးယားပြည်သူများ၏ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာမှုတို့ကို ထောက်ပံ့ပေးသော မူဝါဒများဖြင့် စီးပွားရေးကို ပြုပြင်ပြောင်းလဲရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ပါတီ ၃ ခုသည် လတ်ဗီးယား၏ အမတ်နေရာ ၁၀၀ ပါ လွှတ်တော်နေရာ ၅၄ နေရာကို ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်သော်လည်း သဘောတူညီချက်ကို လွှတ်တော်အတွင်း မဲပေး အတည်ပြုမှု လိုအပ်နေဆဲ ဖြစ်သည်။

ပြီးခဲ့သော ရွေးကောက်ပွဲတွင် ပါတီနှင့် မဟာမိတ်အဖွဲ့ ၇ ခုကသာ လိုအပ်သော ၅ ရာခိုင်နှုန်း အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဥပဒေပြုလွှတ်တော်အတွက် ကိုယ်စားပြုခွင့် ရရှိခဲ့သည်။

ထူးခြားမှုတစ်ခုမှာ လတ်ဗီးယားနိုင်ငံ၏ များပြားသော ရုရှားလူမျိုးများကို ကိုယ်စားပြုသည့် မည်သည့်ပါတီကမှ လွှတ်တော်အတွင်း နေရာ တစ်နေရာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှု မရှိခြင်းပင် ဖြစ်သည်။

လတ်ဗီးယားနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၉ သန်း ရှိပြီး ၎င်းတို့၏ ၂၅ ရာခိုင်နှုန်းကျော်မှာ ရုရှားအဆက်များ ဖြစ်သည်။ လတ်ဗီးယားသည် ၂၀၀၄ ခုနှစ်မှစတင်ကာ အီးယူနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

Source: အယ်ဂျာဇီးယား