CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅

ရှရုားအစိုးရကိုယ်စား ငွေကြေးခဝါချမှု၊ ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ရာတွင် ပါဝင်ပတ်သက်နေသည့် ရုရှားနိုင်ငံသား ၅ ဦးနှင့် အမေရိကန် နိုင်ငံသား ၂ ဦးတို့ကို အမေရိကန်အစိုးရက တရားစွဲဆိုခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။

တရားစွဲခံရသူများမှာ ရုရှားကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ကုမ္ပဏီများမှ စစ်ဘက်သုံးနှင့် ဘက်စုံသုံး နည်းပညာများကို ရရှိရန် ကြိုးပမ်းခဲ့မှုဖြင့် သံသယဝင်ခံခဲ့ရသည်ဟု အမေရိကန် တရားရေးဌာနက ပြောသည်။

ထိုသူများသည် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ကာ စနိုက်ဘာကျည်များအား မှောင်ခို သွင်းရန် ကြိုးပမ်းခဲ့သည်ဟုလည်း ယူဆရသည်။

ရုရှား ၅ ဦးမှ ၁ ဦးမှာ ဖက်ဒရယ်လုံခြုံရေးဌာန FSB မှ အရာရှိတစ်ဦး ဖြစ်နိုင်သည်။ လက်ရှိ အချိန်အထိ စုံစမ်း စစ်ဆေးမှုများအပေါ် သံသယဝင် ခံရသူများနှင့် ရုရှား အစိုးရဘက်မှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

တရားစွဲခံရသူ ၇ ဦးထဲက ၃ ဦးမှာ ထိန်းသိမ်းခံထားရပြီး ရုရှား ၄ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။ တရားစွဲဆိုမှု ၁၆ ခုကို နယူးယောက်ရှိ ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးတွင် စစ်ဆေးခဲ့သည်ဟု အမေရိကန် တရားရေးဌာန က ထုတ်ပြန်သည်။

ဖမ်းဆီးစွပ်စွဲခံထားရသူ ဗားဒင် ကိုနိုရှက်နော့ခ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထုတ်ပြန်ချက်အရ သံသယ ရှိသူများသည် ထိရှလွယ်မှု မြင့်မားပြီး၊ တင်းကြပ်စွာ ကန့်သတ်ထားသော အီလက် ထရွန်းနစ် ပစ္စည်းများကို ဝယ်ယူပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပစ္စည်းများထဲကတချို့ကို နျူကလီးယားနှင့် အသံထက်မြန်သော လက်နက်များအပြင် တခြားသော စစ်ဘက်ဆိုင်ရာသုံး အပလီကေးရှင်းများတွင်ပင် အသုံးပြုနိုင် သည်ဟုလည်း သိရသည်။

တရားစွဲဆိုမှုတွင် ရုရှားနိုင်ငံသား ၅ ဦး၏ အမည်များကို ဖော်ပြထားပြီး ၎င်းတို့ထဲမှ တစ်ဦးသည် FSB အရာရှိ ဟု ယူဆရသူ ဗားဒင် ကိုနိုရှက်နော့ခ် (Vadim Konoshchenok) ဖြစ်သည်။

၎င်းသည် အက်စတိုးနီးယားနိုင်ငံတွင် ထိန်းသိမ်းခံထားကာ အမေရိကန်သို့ လွဲပြောင်းပေးရန် ဆောင်ရွက်ခံနေရသူ ဖြစ်သည်။

ကိုနိုရှက်နော့ခ်သည် စစ်ဘက်သုံး အပြင် ဘက်စုံသုံး ခဲယမ်းများနှင့် တင်ပို့ခွင့် ကန့်သတ်ထားသော တခြားအရာ များ အပါအဝင် အမေရိကန် ထုတ်ကုန်များကို သင်္ဘောဖြင့် သို့မဟုတ် ကိုယ်တိုင် မှောင်ခို ကူးခဲ့သည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အပြစ်ရှိကြောင်း ထင်ရှားပါက တရားစွဲခံထားရသူများသည် အမြင့်ဆုံး ထောင်ဒဏ် နှစ် ၃၀ အထိ ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

Source: BBC