CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

မြန်မာ - တရုတ်နယ်စပ် လူဝင်လူထွက် ဂိတ်ပေါက်တစ်ခုဖြစ်သည့် မူဆယ်နန်းတော်ဂိတ်ကို ဇန်နဝါရီ ၂၅ ရက် နေ့က ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း လက်ရှိတွင် မူဆယ်နှင့် နမ့်ခမ်း၌ အိမ်ထောင်စုနှင့် နေထိုင်သူများကို သာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို ထုတ်ပေးသေးကြောင်း မူဆယ်မြို့ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားများကို နန်းတော်ဂိတ် မှတဆင့် ဝင်ထွက်ခွင့် ပြုထားကြောင်း၊ တရုတ်နိုင်ငံသို့ ဝင်ရောက်ရန်အတွက် လတ်တလောတွင် မူဆယ်နှင့် နမ့်ခမ်း ဒေသခံများကိုသာ စာအုပ်ထုတ်ပေးခြင်း ဖြစ်သည်ဟု မူဆယ် ပြန်/ဆက်မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

တရုတ်-မြန်မာ နယ်စပ် ကျန်းမာရေး သတိစာကပ်ထားစဉ်

၎င်းက “မူဆယ်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ် အိမ်ထောင်စုစာရင်း ရှိသူတွေကိုပဲ BP (Border Pass)စာအုပ် လုပ်ပေး မှာဗျ။ ပြီးတော့ ကားသမားပေါ့နော် ကုန်ကားသမားကျတော့ သူတို့ လုပ်ပေးမှာ။ ကုန်သမားတွေကျတော့ ကုန်စီး ဆင်းမှုအတွက် မန့်ဝိန်းဂိတ်ပေါ့။ နန်းတော်ပေါက်နဲ့ ဒီဘက်ပေါက်ကတော့ မူဆယ်နဲ့ နမ့်ခမ်း အဲဒီက အိမ်ထောင်စု စာရင်း ရှိတဲ့သူပဲ စာအုပ်လုပ်ပေးမှာပေါ့။ ပွဲစားတွေ မရှိအောင်လို့တော့ လ.ဝ.က-ကနေ စီစဉ်ထားတယ်လို့ ထုတ်ပြန်ထားတယ်။ တိုက်ရိုက် လူကိုယ်တိုင် လုပ်ပေးမှာပေါ့နော်။ ပွဲစားနဲ့ မလုပ်ပေးဘူး။ လူကိုယ်တိုင် လာရမယ်ဆိုပြီးတော့လည်း သတ်မှတ်ထားပါတယ်။ ဒေသခံတွေ အတွက်ကတော့ ဒီဘက် ကူးလူးဆက်ဆံတာတွေ အဆင်ပြေသွားမှာပေါ့။ ဟိုဘက် ဒီဘက် ဆက်ဆံနေတာဆိုတော့။ အဲလိုမျိုး တနိုင်တပိုင် သွားလာတဲ့သူတွေ အဆင်ပြေသွားမှာပေါ့ သူတို့ ဟိုဘက်ဒီဘက် ကုန်သွယ်မှုအရ လူသွားချင်တယ်ဆိုရင် အရင်က သွားလို့မရဘူးပေါ့။ ကုန်ပစ္စည်းတွေက ကားနဲ့ သွားတယ်ဆိုရင် လူတွေက ဒီဘက်က သွားဆိုရင်တော့ အခုက အဆင်ပြေသွားမှာပေါ့” ဟု ပြောသည်။

လက်ရှိ နယ်စပ်ဖြတ်ကျော်စာအုပ် ပြုလုပ်ရာတွင် ကုန်ကျစရိတ် အနေဖြင့် တစ်အုပ်လျှင် ယွမ် ၁၀၀၀၊ မြန်မာ ကျပ်ငွေ ၄ သိန်း ကုန်ကျမည်ဟု လူမှုကွန်ယက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက် ရှိနေသည်ကို တွေ့ရ သည်။

စာအုပ် ပြုလုပ်ရာတွင် ပွဲစားများနှင့် လုပ်ဆောင်ခြင်းကို ခွင့်မပြုထားကြောင်း၊ လူကိုယ်တိုင် လာရောက် ပြုလုပ်ရ မည်ဖြစ်ကြောင်း၊ စာအုပ် တန်ဖိုးကို ၅၀၀ ကျပ်သာ သတ်မှတ်ထားသည်ဟု မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် နန်းတော်ဂိတ်ကိုတွေ့ရစဉ်

၎င်းက “အစ်မတို့ဆီမှာ စာအုပ်ဖိုး ၅၀၀ ပဲ သတ်မှတ်ထားပါတယ်။ ကာယကံရှင် ကိုယ်တိုင် ရုံးဝင်းထဲမှာ အကုန် လုံး စလစ်ပေးပြီး တန်းစီခိုင်းပါတယ်။ အဲလိုကိစ္စတွေ ပေါ်ပေါက်မှာစိုးလို့ ကာယကံရှင်လာမှ ကာယကံရှင် ကိုယ်တိုင် အလုပ်လုပ် ခိုင်းပါတယ်။ ညီမတို့ ကြားတာတွေဆို မျိုးစုံပါ။ ၁၀ သိန်း၊ ၁၂ သိန်း အဲလိုကြားပါတယ်။ အစည်းအဝေးထဲမှာလည်း ကြားပါတယ်။ ညီမတို့ ခရိုင်မှူး ကိုယ်တိုင်က ကာယကံရှင်ကိုယ်တိုင် တန်းစီပါ။ စာအုပ်ဖိုးကတော့ ၅၀၀ သူတို့ဘာသာသူတို့ အဆင်ပြေသလို စေတနာရှိလို့ ပေးချင်ပေး၊ မပေးချင်နေ ညီမတို့ အဲလို လုပ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် တန်းစီပြီးမှ စလစ်ပြားပေးပြီး ကာယကံရှင်နဲ့ တွေ့မှ ပေးပါတယ်” ဟု ပြောသည်။
နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်သည် နှစ်နိုင်ငံ အဝင်အထွက် ပြုလုပ်ရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း၊ သက်တမ်း အနေဖြင့် ၆ ရက် ၇ ညအိပ် နေထိုင်သွားလာခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မူဆယ်မြို့နယ် အတွင်းတွင် နန်းတော်ဂိတ်သည် လူဝင်လူထွက်ဂိတ် ဖြစ်ပြီး၊ ဆင်ဖြူဂိတ်သည် မော်တော် ယာဉ်ငယ်များကို ဝင်ထွက်ခွင့် ပြုထားသည့်ဂိတ် ဖြစ်သည်။

မန့်ဝိန်းဂိတ်တွင် ၆ ဘီးယာဉ်များကို သီးသန့် ဝင်ထွက်ခွင့် ပြုထားပြီး ကျင်စန်းကျော့ဂိတ်၌ ကုန်တင်တွဲကားများ အပြင် ၈ ဘီးနှင့်အထက် ကုန်တင်ယာဉ်များ ပုံမှန် ဝင်ထွက်ခွင့် ပြုထားကြောင်း သိရသည်။