CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့သည့် အလုပ်သမား များ၏ ကိုယ်ရေး အချက်အလက်များကို ပေးပို့ရန် ပျက်ကွက်ပါက လုပ်ငန်းဆိုင်းငံ့မည့်အပြင် ဒဏ်ကြေးပါ ကောက်ခံမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားသည်။

လက်ရှိအချိန်အထိ စာရင်းပေးပို့ရန် ပျက်ကွက်နေသည့် အေဂျင်စီများအနေဖြင့် ဇူလိုင် ၂၆ ရက် မတိုင်ခင် စာရင်းပေးရန်နှင့် ပျက်ကွက်ပါက အရေးယူမှု စတင်မှာဖြစ်ကြောင်း သတိပေးထားခြင်းဖြစ်သည်။

လပ်ကီးပြည်ပအလုပ်အကိုင်အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က "လုပ်ချင်လည်းလုပ်မယ်၊ မလုပ်ချင် လည်း မလုပ်ပါဘူး ဒါတွေက။ ဝန်ကြီးရဲ့ အစီအမံတွေအောက်မှာ သွားနေတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့အတွက် လုပ်မယ် မလုပ်ဘူးဆိုတာက အခြေအနေ ဆိုးလာရင်တော့ သူလုပ်ချင်လုပ်မျာပေါ့။ စာတော့ ထုတ်ပြန်ထားတယ်။ ဘယ်အေဂျင်စီမှလည်း အရေးယူခံရတာ မရှိသေးပါဘူး။ ဇယားကွက်ပေးထားတယ်လေ။ အဲဒီဇယားကွက်ကိုပဲ ထည့်ပြီးပို့ရမှာ။ အဲဒါက မပို့တဲ့အေဂျင်စီကို အရေးယူမယ်ဆိုတဲ့ စာသား email ကလည်း ရထားတယ်။ သူ့ဇယား ကွက်ကိုပဲ ဖြည့်ပြီးပို့ရမှာ။ အဲဒီဇယားကွက်ကို အေဂျင်စီတွေက ဖြည့်ဖို့ လိုအပ်ပြီးတော့ ဖြစ်လာတဲ့အတွက် အခု ထပ်ပြီးတော့ သူတို့ဘက်က သေသေချာချာရေးလာတာလေ" ဟု ပြောသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းအရ အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက် ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီ ၂၀၀ ကျော်ရှိကြောင်း သိရသည်။

 အလုပ်သမားတွေ ပြည်ပထွက်ဖို့လုပ်နေကြစဉ်

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများအပေါ် တ‌ဖြေးဖြေး တင်းကြပ် မှု ပိုမိုများပြားလာသည့်အတွက် အကြပ်ရိုက်နေကြကြောင်းလည်း သိရသည်။

အမျိုးသားများအပေါ် အသက်ကန့်သတ်မှုများကြောင့် လက်ရှိတွင် ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "အေဂျင်စီတွေရဲ့ အခက်အခဲကတော့ အခုအလုပ်အကိုင်တွေ အဆင်မပြေတော့ဘူး။ အသက်ကန့်သတ်မှု အပေါ်မှာ လုပ်ရတာ အဆင်မပြေတော့ဘူး။ နောက်တစ်ခုက Demand တွေရှားလာပြီ။ မလေးရှားဆိုလည်း ပိတ်ထားတယ်။ ထိုင်းဆိုလည်း အရင်တုန်းကထက်ကို ၇၀ ရာခိုင်နှုန်းလောက်  လျော့သွားပြီလို့ ထင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေက။ ကျန်တာကတော့ ဝန်ကြီးဌာနဘက်က တင်လိုက်ရင်ချပေးတယ်၊ လုပ်ကိုင် ပေးတယ် မြန်ပါတယ်။ ဂျပန်ကတော့ အခုဈေးကွက် အကောင်းဆုံးဖြစ်နေတယ် အထွက်အများဆုံးဖြစ်နေတယ်" ဟု ပြောသည်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင် ရယူထားသည့် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး တစ်လလျှင် လုပ်သားဦးရေ နှစ်သောင်းနီးပါး စေလွှတ်နေကြောင်း သိရသည်။

ထို့အပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်း လွှဲပို့ရန် ဝန်ကြီးဌာနမှ အေဂျင်စီ များအပေါ် ဖိအားပေးနေသကဲ့သို့ စောင့်ကြည့်စာရင်း ပြုစုနေကြောင်းလည်း သိရသည်။