CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မှ အဓိက ကုန်သွယ်နေရသည့် ပလက်ဝ(ချင်းပြည်နယ်)ဒေသတွင် ဆန် အပါအဝင် စားသောက်ကုန် တချို့ကို ဒေသခံများအနေဖြင့် တိုက်ရိုက်ဝယ်ယူခွင့် မရဘဲ လူတချို့ကိုသာ သယ်ယူခွင့်ပြုထားသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

ယခင်က ပလက်ဝဒေသခံများ အနေဖြင့် ဆန်များကို တစ်အိတ်နိုင်နိုင်၊ နှစ်အိတ်နိုင်နိုင် ကျောက်တော်မြို့နယ်မှ တဆင့် ဝယ်ယူခွင့် ရရှိသော်လည်း လက်ရှိတွင် ဆန်တစ်အိတ်ပင် တိုက်ရိုက်ဝယ်ယူ၍ မရသည့် အခြေအနေ ဖြစ်နေသည်ဟု ပလက်ဝဒေသခံ ဦးထွန်းအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာမှ ဒေသခံများကိုတွေ့ရစဉ်

၎င်းက “သူတို့တွေက အခုက ခေတ်ကပျက်နေတော့ သင်္ဘောလည်းပဲ သူတို့ထွက်ချင်တဲ့ အခါထွက်၊ သူတို့ပစ္စည်း တင်တဲ့အခါ ထွက်၊ မရရင် သူတို့က သင်္ဘောပိတ်၊ စက်လှေတို့ ဘာတို့ဆို မရ၊ ရတယ်ဆိုလည်း ၂ ခုရှိတာပေါ့။ တပ် ဘက်ကလည်း သူ့ဟာသူ လုပ်နေသလိုပဲ၊ ဒီရခိုင်ဘက်ကလည်း သူ့နယ်မြေ သူစိုးမိုးတော့ သူ့ ရခိုင်ကုန်သည်တွေနဲ့ သူ့ဟာသူ လမ်းကြောင်းဖွင့်ပေးတာ ၂ ခုရှိတယ်။ တခြားလူတွေ၊ သူတို့ခွင့်ပြုတဲ့ လူမဟုတ်ဘဲ ကျနော်တို့ သွားလိုက်ရင် ဖမ်းတယ်။ သူတို့လူတွေဆို မဖမ်းဘူး။ အဲလိုပေါ့ သူတို့မဖမ်းဘူးဆိုတာလည်း ကိုယ်လည်း မသိဘူးလေ။ သူတို့ပဲ ရောင်းစရာရှိတယ်။ ဆန်တစ်အိတ်တောင် တင်လို့မရဘူး အဲဒီလိုဖြစ်နေတယ်” ဟု ပြောသည်။

ပလက်ဝဒေသသည် ကျောက်တော်မြို့နယ်ကို အဓိကအားထား၍ ကုန်စည်များ ဝယ်ယူသုံးစွဲခြင်းကို ပြုလုပ် နေရခြင်း ဖြစ်သည်။

ယခု ကျောက်တော်မြို့နယ်၏ ဆန်ဈေးနှုန်းသည် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ၁ သိန်းကျပ်နှင့် ဆန်ကြမ်း တစ်အိတ်လျှင် ၆ သောင်းကျပ်ခန့်ရှိနေသည်။

ထို့နောက် ပလက်ဝမြို့နယ်တွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၇ သောင်းကျော်နှင့် ဆန်အချော တစ်အိတ်လျှင် ၁ သိန်း ၈ သောင်းကျပ်အထိ ဖြစ်ပေါ်နေသည်ဟု ပလက်ဝဒေသခံ များထံမှ သိရသည်။

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာမှ ၂၀၁၇ ခုနှစ်က တိုက်ပွဲရှောင်များကို စားနပ် ရိက္ခာများထောက်ပံ့ ပေးနေစဉ် 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ဆန်များကို သယ်ယူခွင့်ရှိသည်ဟု ပြောဆိုထားသော်လည်း ထောက်ခံချက်ပေးသည့် အချိန်မှသာ ပေးကြောင်း၊ တစ်လမှ တစ်ခါ သို့မဟုတ် နှစ်လမှ တစ်ခါသာ ပေးကြောင်း၊ ထိုသို့ သယ်ယူခွင့် ရရှိသော်လည်း တစ်အိမ်ထောင်လျှင် တစ်အိတ်ပင် မရကြောင်း၊ အိတ်ဝက်မျှသာ သယ်ယူခွင့် ပေးကြောင်း ပလက်ဝမြို့ဒေသခံ ဦးလှမောင်သိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မတည်ငြိမ်တာလည်း မဟုတ်ပါဘူး။ ပလက်ဝမြို့နယ်က အခုက တည်ငြိမ်အေးချမ်းပါတယ် ဘာမှမဖြစ် ဘူး။ ဒါပေမယ့် သူတို့က မသွားရဘူးဆိုလည်း မသွားရဘူးပေါ့။ ကလေးတွေ စာသင်ကျောင်း ကျောင်းနေတုန်းက တောင်မှ ကလေးတွေအတွက် ဆန်ရိက္ခာ နည်းနည်းတင်တာတောင်မှ ဘာလုပ်မှာလဲ အဲဒီဆန်က၊ ဘယ်သူ့ အတွက်လဲ၊ ဘာလုပ်မှာလဲ၊ ဘယ်မှာစားမှာလဲ၊ ဘယ်အထိ ယူသွားမှာလဲ အဲလိုမေးပြီးတော့ တစ်အိတ်ဆို မယူနဲ့ ဖမ်းမှာ။ အိတ်ဝက်လောက်ပေါ့၊ တစ်ခါမှာ ၂ ပြည်လောက်၊ အိတ်လိုက် မယူရဘူး အဲဒီလို သတ်မှတ်ထားတာတော့ ရှိတယ်” ဟု ပြောသည်။

လက်ရှိ ပလက်ဝဒေသအတွက် ကုန်စည်သယ်ဆောင်ရာတွင် ကျောက်တော်နှင့် ပလက်ဝသို့ တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးနေသည့် ဇတ်ရေယာဉ်တစ်စီးသာ ရှိကြောင်း၊ ပုဂ္ဂလိက စက်လှေငယ်များကို ပြေးဆွဲခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

 ပလက်ဝမြို့ ဆိပ်ကမ်းကိုတွေ့ရစဉ်

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ပလက်ဝ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာ ထောက်ပံ့ပေးနေမှု ကိုလည်း ယခုလမှ စတင်၍ ထောက်ပံ့ခွင့် မပြုတော့ကြောင်း၊ အင်တာနက်လိုင်များလည်း ဖြတ်တောက်ထားဆဲ ဖြစ်ကြောင်း တိုက်ပွဲရှောင်များထံမှ သိရသည်။

ဒေသခံများအနေဖြင့် ကုန်စည်တချို့ကို တင်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် ထောက်ခံစာဖြင့် သယ်ဆောင်ကြရကြောင်း သိရသည်။