CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

ကမ္ဘာ့ရွှေဈေးနှုန်းသည် မေလဆန်းပိုင်းမှ စတင်၍ တဖြည်းဖြည်း ကျဆင်းလာနေသော်လည်း ပြည်တွင်း ရွှေဈေးနှုန်းသည် ကျဆင်းခြင်းမရှိဘဲ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ အထိ ဖြစ်ပေါ် လျက်ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀၇၀ သို့ ရောက်ရှိ ခဲ့သော်လည်း လက်ရှိမှာတော့ တဖြည်းဖြည်း ကျဆင်းလာနေကြောင်း၊ မေလ ၂၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဝန်းကျင်သို့ ရောက်ရှိလာသည်ကို တွေ့ရသည်။

သို့သော်လည်း ပြည်တွင်း ရွှေဈေးနှုန်းသည် ကျဆင်းမှုမရှိဘဲ အမြင့်ဈေးတွင်သာ ရှိနေကြောင်း၊ ထိုသို့ ဈေးနှုန်း ကျဆင်းမှု မရှိခြင်းသည် ရွှေဈေးနှုန်း မြင့်တက်ချိန်တွင် ဝယ်ယူထားသည့် ရွှေကုန်သည်များက လာရောက် ရောင်း ချမှုများ မရှိသေးကြောင်း၊ အရောင်းအဝယ် အေးနေသည့် အတွက်ကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “လောလောဆယ်တော့ အမြင့်ဈေးနဲ့ ဝယ်ထားတဲ့လူတွေက ပြန်မရောင်းကြသေးဘူး။ အနိမ့်ဈေးနဲ့ လိုချင် တဲ့ သူတွေကလည်း ဒီဈေးကို စောင့်နေတယ်ပေါ့။ အရောင်းအဝယ် အေးတယ်။ ဒေါ်လာဈေးလည်း မကျဘူး။ ဒေါ်လာဈေးလည်း နည်းနည်းပြန်ပြီးတော့ မာနေတယ်။ ကမ္ဘာ့ဈေးလည်း ပြန်ကျလာမှာပါ။ ပြည်တွင်း ဒေါ်လာ ဈေး ကျရင် ကျသွားမှာပါ။ ပြည်တွင်း ရွှေဈေးနှုန်းကတော့ ငြိမ်နေအုံးမှာပါပဲ။ ဒီအတိုင်းပဲ သွားနေအုံးမှာပါပဲ”ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၂၀၇၀ မှ ၁၉၆၀ ဖြစ်သွားသည့်အတွက် အမေရိကန်ဒေါ်လာ ၁၀၀ ကျော် ကျဆင်းသွားခြင်း ဖြစ်သည့်အတွက် ပြည်တွင်း ရွှေဈေးနှုန်းအနေဖြင့် တစ်ကျပ်သားလျှင် ၂ သိန်းခန့် ကျဆင်းရမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဈေးကွက်အတွင်းသို့ ရွှေလာရောက် ရောင်းချမှု နည်းပါးခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှု ကြောင့် ရွှေဈေးနှုန်းသည် ကျသင့်သလောက် မကျခြင်းဖြစ်နေသည်ဟု ရွှေဈေးကွက် လေ့လာသူများက ပြောသည်။

ထို့နောက် မိုးရာသီကာလ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်း ဝင်ရောက်မှု သည်လည်း နည်းပါးသွားနိုင်ခြင်းကြောင့် ရွှေဈေးနှုန်းသည် လက်ရှိဈေးနှုန်း အတိုင်းသာ ဆက်လက် ရှိနေနိုင်သည် ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုနေလင်းက CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

၎င်းက “ဈေးကတော့ ကမ္ဘာ့ရွှေ တက်တက်၊ ကျကျပါ ကမ္ဘာ့ရွှေ ဘယ်လောက်ကျကျ လိုက်ကျမှာ မဟုတ်ပါဘူး မြန်မာ့ရွှေကတော့။ ဘာလို့ဆို ၁၆၀၀ အထိပဲ ကျသွားအုံး မြန်မာ့ရွှေဈေး အဲဒီနားမှာပဲ တည်နေအုံးမှာပါ။ ကျလည်း ခဏပါပဲ။ ဘာလို့ဆိုတော့ လောလောဆယ် ဒေါ်လာတွေ၊ ဘတ်တွေကလည်း မာနေတဲ့ အနေအထားမှာ ရှိတာကိုး။ ပြည်တွင်းက လူတွေကတော့ အတက်ဘက်ကိုပဲ ဆွဲတင်ကြတာပါ။ အကျကတော့ ခပ်ရှားရှားပါ။ အရင်လို ဈေးကွက်ကြီး သပ်သပ် မှန်းလို့လည်း မရပြန်ဘူး။ နောက်တစ်ခုက ၆ လပိုင်းလောက်ဆို မိုးတွင်းရောက်ပြီဆို ရွှေ က ရှားတော့မယ်။ အဲဒါတွေ တစ်ကဏ္ဍပါတယ် အဲဒီလိုတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ အရင်လိုမျိုး ပုံမှန်ဈေးကွက် ငွေဈေးတွေချည်းပဲ၊ ဝယ်လိုအားတွေချည်းပဲလည်း သွားတွက်လို့ မရတော့ဘူး” ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၇၀ သို့ ရောက်နေချိန်တွင် ပြည်တွင်း ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ်သိန်း ၃၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းသည် ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးတွင်သာ တည်ငြိမ်နေသည်ကို တွေ့ရသည်။

လက်ရှိ ပြည်တွင်း ရွှေဈေးကွက်တွင် ဝယ်လိုအား မရှိသော်လည်း ဈေးနှုန်းမြင့်တက်လျက် ရှိနေကြောင်း၊ ထို့နောက် ရွှေဝယ်လိုအား မရှိသည့်အပြင် ရောင်းလိုအားလည်း မရှိဖြစ်နေကြောင်း၊ ငွေကြေး လိုအပ်မှုကြောင့်သာ လာရောက် ရောင်းချမှုများသာ ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ် အေးနေသည့် အခြေအနေ ဖြစ်နေ သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။