CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၂၆

ရာထူးမှ ဖယ်ရှားခံရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို အားပေးထောက်ခံသူများ အစ္စလာမ္မာဘတ်မြို့တော်အထိ ချီတက်နေခြင်းကို တားဆီးဟန့်တားရန် ပါကစ္စတန်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် တုတ်များသုံး၍ မေလ ၂၅ ရက်နေ့က ဖြိုခွင်းခဲ့ကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများ၏ပြောကြားချက်ကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အခြားမြို့ကြီးများတွင်လည်း ခမ်းကိုထောက်ခံသူများနှင့် ရဲများအကြား အလားတူ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ညွန့်ပေါင်းအဖွဲ့အတွင်း လုပ်ဖော်ကိုင်ဘက်များဆုံးရှုံးပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခြင်းခံရ၍ ရာထူးမှ ပြုတ်ကျသွားခဲ့သည့် အီမရန်ခမ်းသည် ၎င်းအား ထောက်ခံသူများကို အစ္စလာမ္မာဘတ်မြို့တော်သို့ ချီတက်ရန်နှင့် အစိုးရ သစ်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပမည့်ရက်ကြေညာသည်အထိ ဆက်လက်လှုပ်ရှားကြရန် လှုံ့ဆော်ခဲ့သည်။

အစ္စလာမ္မာဘတ်မြို့တော်၏ အဝင်အထွက်လမ်းကြောင်းများအပြင် အရေးကြီးသောမြို့လယ်နေရာများကိုပါ ပိတ်ဆို့ကန့်သတ်ထားကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ချီတက်ဆန္ဒပြပွဲသို့ တက်ရောက်လာခြင်းကို ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများသုံးပြီး နှိမ်နင်းနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

“ကျနော်တို့ ပိတ်ဆို့ဟန့်တားလို့ မရပါဘူး” ဟု ပါကစ္စတန်အနောက်မြောက်ဘက်ရှိ ပက်ရှဝါမြို့မှ အစ္စလာမ္မာဘတ်သို့ သွားသည့် GT လမ်းမပေါ်တွင် မောင်းနှင်နေသော ကုန်တင်ကားတစ်ဦးပေါ် စီနင်းလိုက်ပါရင်း အီမရန်ခမ်းက ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးတဲ့အထိ ကျနော်တို့ အစ္စလာမ္မာဘတ်မှာ ဆက်ရှိနေဦးမှာပါ” ဟု ၎င်းက နောက်ပိုင်းတွင် တွစ်တာလူမှုကွန်ရက်ပေါ်သို့ ရေးသားလွှင့်တင်ခဲ့သည်။

ခမ်း၏ချီတက်မှုသည် တရားမဝင်ကြောင်း၊ ၎င်းသည့် ဆန္ဒပြသူများကို အစ္စလာမ္မာဘတ်မြို့တော်သို့ မကောင်းသောရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်ရန် ကြိုးပမ်းနေကြောင်း အစိုးရက စွပ်စွဲထားသည်။

ခမ်းကို ထောက်ခံသူများသည် တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ကရာချိမြို့နှင့် လာဟိုးမြို့တို့တွင်လည်း လုံခြုံရေးရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

ကရာချိမြို့တွင် ရဲများနှင့် အဓိကရုဏ်းဖြစ်ပွားပြီး လူအုပ်ကြီးက အချုပ်ကားတစ်စီးကို မီးတင်ရှို့ခဲ့ကြသည်။ ထို့ပြင် အစ္စလာမ္မာဘတ်မြို့သို့သွားသည့် အဓိကလမ်းမကြီးဘေးရှိ သစ်ပင်များကိုလည်း ၎င်းတို့က မီးရှို့ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာ ၆ ဘီလီယံ ဘဏ္ဍရေးကယ်ဆယ်မှုအစီအစဉ် ပြန်လည် စတင်နိုင်မှု ရှိ/မရှိ မကြေညာသေးမီ တောင်အာရှဒေသရှိ ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မရေရာ မသေချာမှုများ တိုးပွားလာနေခဲ့သည်။

နိုင်ငံခြားအရန်ငွေကြေး ကျဆင်းခြင်း၊ ရူပီးတန်ဖိုးကျခြင်းနှင့် ငွေကြေးဖောင်းပွမှုများကြောင့် စီးပွားရေး အခြေအနေဆိုးရွားနေခြင်းကို ပါကစ္စတန်အစိုးရသစ်က မနည်းရုန်းကန်၍ ကိုင်တွယ်နေရသည်။

Source: Reuters