CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

နစကနှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အချက် (၇) ချက်ကို သဘောတူ လက်မှတ် ရေးထိုးနိုင်ခဲ့ ကြောင်း မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

မေလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ နစကနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံရေးရာကိစ္စများနှင့် မွန်အမျိုးသားရေးရာကိစ္စများကို သဘောတူခဲ့ကြောင်း ၎င်းက ပြောသည်။

နိုင်အောင်မငေးက “ကျနော်တို့ ဒီနေ့ တွေ့ပြီးတော့ သဘောတူညီချက် (၇) ချက် ချမှတ်ခဲ့ပါတယ်ခင်ဗျ။ လက်မှတ် ရေးထိုးခဲ့ ပါတယ်။ အဲဒီ (၇) ချက်ကတော့ ကျနော်တို့ ဒီရဲ့ နိုင်ငံရေးရာကိစ္စတွေ ၂ ချက်နဲ့ ကျန်တဲ့ဟာက ကျနော်တို့ အမျိုးသားရေး ဆိုင်ရာ ကိစ္စတွေ ပါပါတယ်ခင်ဗျ။ နိုင်ငံရေးဆိုင်ရာတော့ ကျနော်တို့ ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာလာအောင် ဘယ်လို လုပ်မလဲ။ အကောင်အထည်ဖော်မှုမှာ ပေါ့နော်။ နောက်တစ်ခုမှာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံထားတဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဒါကိုလည်း ဆက်လက် တည်ဆောက်သွားဖို့ ဒါကို သဘောတူထားတယ်။ နောက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်တော့ ဒါကို ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း သဘောတူညီချက်ထဲမှာလည်း ပါဝင် ပါတယ်ခင်ဗျ။ ကျန်တဲ့ဟာတော့ အသေးစိတ်ပြောလို့ မရသေးတာ ရှိပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက ဥက္ကဋ္ဌမှ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ပြီးနောက် မေလ ၂၀ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ မေလ ၂၃ ရက်က စတင်ကာ မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ယနေ့ (မေလ ၂၆ ရက်)တွင် ကရင်မျိုးသားအစည်းအရုံး/ကရင်မျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်း ရေးကောင်စီ (KNU/KNLA/PC) နှင့် စတင် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ငြိမ်ချမ်းရေး ဆွေးနွေးပွဲကို ၃ ရက်ခြား တစ်ဖွဲ့နှုန်းဖြင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်က ပြောထားသည်။

နစကနဲ့ မွန်ပြည်သစ်ပါတီ ဆွေးနွေးနေစဉ်

အနာဂတ်ပြည်ထောင်စု တည်ဆောက်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကို ဆွေးနွေးကြရန် သဘောထားရှိ ကြောင်း နိုင်အောင်မငေးက ပြောသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ဦးတစ်ဖွဲ့ဖြင့် လုံလောက်မှု မရှိကြောင်း၊ အားလုံးပါဝင်ရန် လိုအပ်ကြောင်း၊ ပြဿနာများကို အတူတကွ ဝိုင်းဝန်း အဖြေရှာကြဖို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံအောင်မငေးက “ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဆက်လက် လုပ်သွားရမှာပေါ့နော်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကျနော်တို့ တစ်ဦးတစ်ဖွဲ့ထဲနဲ့လည်း လုံလောက်မှု မရှိပါဘူး။ အများ ပါဝင်ပတ်သက်တဲ့သူက အများကြီး စုစုစည်းစည်းနဲ့ အတူတကွ လုပ်ဆောင်ရမှာပဲ အောင်မြင်မယ့် အခြေအနေ ရှိပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ တစ်ဦးတစ်ယောက်တည်းနဲ့လည်း ပြီးမယ့်ကိစ္စ မဟုတ်ဘူးဆိုတော့ ကျနော်တို့က အတူတကွ ဝိုင်းဝန်းပြီးတော့ အတူတကွ အဖြေရှာဖို့ သင့်ပါတယ်။ နည်းလမ်း ရှာဖို့ သင့်ပါတယ်လို့လည်း ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ အတူတကွ ဆွေးနွေးသွားဖို့ပဲ လိုပါတယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ RCSS/SSA၊ NMSP၊ KNU/ KNLA-PC၊ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ တက်ရောက်မည်ဖြစ်ကြောင်း နစက၏ သတင်းထုတ် ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ထို့နောက် ချင်းအမျိုးသားတပ်ဦး (CNF)ကိုတော့ နစကဘက်က ဖိတ်ကြားထားခြင်းမရှိကြောင်း သိရသလို CNF ကလည်း တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။