CNI International News

ဆစ်ဒနီ၊ မေလ ၂၅

ယခင်အစိုးရလက်ထက်၌ ကျဆင်းခဲ့သော နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်မြှင့်တင်လိုလျှင် ကုန်သွယ်ရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ဖယ်ရှားပေးရန် တရုတ်ကို ဩစတြေးလျအစိုးရသစ်က တောင်းဆိုခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီးစ် ရွေးကောက်ပွဲ အနိုင်ရခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်အား တရုတ်ဝန်ကြီးချုပ်က ပေးပို့ခဲ့ရာ ဩစတြေးလျနှင့် တရုတ်တို့ အဆင့်မြင့် တာဝန်ရှိသူ အချင်းချင်း ဆက်ဆံရေးအပေါ် ဘေဂျင်း၏ (၂)နှစ် ပစ်ပယ်ထားခဲ့မှုမှ ဖြေလျော့လာကြောင်း ရှုမြင်နေကြသည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က “တရုတ်သည် ဩစတြေးလျနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း” ပြောကြားခဲ့ခြင်း အားဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်လာခဲ့သည်။

သို့သော် မိမိတို့နိုင်ငံတွင် ၂၀၁၃ ခုနှစ် လက်ဝဲယိမ်း လေဘာပါတီ အာဏာရ လာကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး စတင် ပြောင်းလဲခဲ့သူမှာ ဩစတြေးလျ မဟုတ်ဘဲ တရုတ်သာဖြစ်ကြောင်း အယ်လ်ဘန်နီးစ်က တုံ့ပြန်ခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်သည် ကျောက်မီးသွေး၊ ဝိုင်၊ မုယောစပါး၊ အမဲသားနှင့် ပင်လယ်စာများ အပါအဝင် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ဩစတြေးလျ တင်သွင်းကုန်များအတွက် တရားဝင်ခြင်း၊ မဝင်ခြင်း စသည့် ကုန်သွယ်ရေး ပိတ်ဆို့မှုများစွာ ချမှတ်ခဲ့သည်။

“ဩစတြေးလျကို ပိတ်ဆို့ အရေးယူထားတာ တရုတ်ပါပဲ” ဟု တိုကျို ထိပ်သီး အစည်းအဝေးအတွင်း သတင်းထောက်များနှင့် သီးခြားတွေ့ဆုံရာ၌ အယ်လ်ဘန်နီးစ်က ပြောကြားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် (AP)

Quad နိုင်ငံများ၏ အဆိုပါ ထိပ်သီး အစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၊ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာမိုဒီတို့နှင့်အတူ ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနီးစ်လည်း တက်ရောက်ဆွေးနွေးခဲ့သည်။

“အဲဒီလို ပိတ်ဆို့ထားတဲ့ အပေါ်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မတွေ့ရလို့ ဖယ်ရှားသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဩစတြေးလျ ဘဏ္ဍာရေးဝန်ကြီး ဂျင်ချယ်မာကလည်း “လွတ်လပ်သော ကုန်သွယ်ရေး မိတ်ဖက်များအကြား ကုန်သွယ်ရေး ဆိုင်ရာ ပိတ်ဆို့ထားမှုများ ချက်ချင်းရုပ်သိမ်းပေးရန်” တရုတ်ကို တိုက်တွန်းခဲ့သည်။

“ဒီလို ပိတ်ဆို့ အရေးယူမှုတွေနဲ့ အခွန်စည်းကြပ်တာတွေ ရုပ်သိမ်းပေးဖို့ ကျနော်တို့ မြင်ချင်ပါတယ်။ အဲဒါတွေက ကျနော်တို့ စီးပွားရေးကို ထိတယ်ဗျ။ အဲဒီဆက်ရှိနေဦးမယ်ဆိုရင် ဩစတြေးလျက ကျနော်တို့ အလုပ်ရှင်တွေ၊ အလုပ်သမားတွေရဲ့ ဘဝတွေ ပိုခက်ခဲတာမို့လို့ ဒီလိုပိတ်ဆို့တဲ့ အစီအမံတွေ ရုပ်သိမ်းစေချင်ပါတယ်” ဟု ဂျင်ချယ်မာက မေလ ၂၅ ရက် (ယနေ့)တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မကြာမီ ၎င်း၏ ၁၀ ရက်ကြာ ခရီးစဉ်အဖြစ် ဆော်လမွန်ကျွန်းစု၊ ကီရီဘာတီ၊ ဆာမို အာ၊ ဖီဂျီ၊ တွန်ဂါ၊ ဗာနူအာတူ၊ ပါဝူဝါးနယူဂီနိနှင့် အရှေ့တီမော စသည့် အင်ဒို-ပစိဖိတ်ဒေသသို့ သွားရောက်မည်ဟု သိရသည်။

တောင်ပစိဖိတ်ဒေသတွင် တရုတ်ဩဇာ လွှမ်းမိုးလာမှုကို တန်ပြန်ရန်အတွက် အလျင်အမြန် လုပ်ဆောင်နေကြချိန်၌ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပဲနီဝေါင်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ၎င်း၏နိုင်ငံ၊ ဆစ်ဒနီမြို့သို့ ပြန်လည်ရောက်ရှိပြီး နောက်တစ်နေ့ မေလ ၂၆ ရက်တွင် ဖီဂျီနိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်မည်ဖြစ်ကြောင်း ဩစတြေးလျ(The Australian) သတင်းစာက ရေးသားဖော်ပြခဲ့သည်။

Source: AP