CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၅ ရက်က လွှတ်တော်တွင်း အထူးအစည်းအဝေး၌ ဘူဂျထိုင်းပါတီ ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnivirakul) ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှာပဲ ထိုင်းဘုရင်က အနူတင်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်သစ် အနူတင် (အသက် ၅၈ နှစ်)သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းများထဲ တွင် တစ်ခု အပါအဝင်ဖြစ်သည့် Sino-Thai ကုမ္ပဏီကို အမွေဆက်ခံသူဖြစ်သည်။
သူသည် ၁၉၉၀ ပြည့်နှစ် ကာလများအတွင်း နိုင်ငံရေးလောကသို့ မဝင်မီ ထိုကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူး သူ ဖြစ်သည်။
ထို့နောက် အနူတင်သည် နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် ၆ နှစ်၊ ၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီး၊ ယခုနှစ် မတိုင်မီအထိ ပြည်ထဲရေးဝန်ကြီးရာထူး အပါအဝင် ထိပ်သီး ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အနူတင် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်က COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်ခဲ့ သည်။
ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်
ထို့ပြင် သူသည် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ရရေးအတွက် ဦးဆောင် ကြိုးပမ်းခဲ့ပြီး ၂၀၂၂ ခုနှစ်၌ ထိုင်းသည် အာရှမှာ ဆေးခြောက်ကို တရးဝင် အသုံးပြုခွင့်ရခဲ့သည့် ပထမဆုံးအာရှနိုင်ငံ ဖြစ်လာခဲ့သည်။
ထို့ကြောင့် မီဒီယာများက အနူတင်ကို ဆေးခြောက်ဘုရင် (cannabis king) ဟု အမည်ပြောင်ပေးခဲ့ကြသည်။
အနူတင်သည် လစ်ဘရယ်နိုင်ငံရေး ခံယူချက်ကြောင့် သာမက ဘုရင်စနစ်ကို ခိုင်မာစွာ ထောက်ခံသူ၊ ကွန်ဆာဗေး တစ် ဘူဂျထိုင်းပါတီ၏ ခေါင်းဆောင်အဖြစ်လည်း လူသိများခဲ့သည်။
အနူတင်သည် ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခံခဲ့ရပြီးနောက် နိုင်ငံအတွင်း စားဝတ်နေရေး ကုန်ကျစရိတ် မြင့်တက်မှု၊ ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတင်းမာမှု၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှု၊ ကျားဖြန့်ဂိုဏ်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ချမ်းသာကြွယ်ဝမှုကို ခြိမ်းခြောက်နေသည့် အရေးကိစ္စများကို ဦးစားပေး ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။
"လူနည်းစု အစိုးရဖြစ်တာကြောင့် လူများစု အစိုးရလိုမျိုး လုပ်ငန်းတာဝန်တွေကို အဆင်ပြေချောမွေ့စွာ လုပ် ဆောင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် လွှတ်တော်မှာပေါ့။ အဲဒါကြောင့် အောက်လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ သဘောထားချင်း မတိုက်ဆိုင်မှုတွေကို ဘေးချိတ်ပြီး ပြည်သူ့အကျိုးကို ရှေ့တန်းတင်ဖို့ ကျနော် မေတ္တာရပ်ခံပါတယ်" ဟု အနူတင်က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ကလည်း အနူတင်၏ အောင်ပွဲကို ဂုဏ်ပြုကြောင်းနှင့် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးတို့ကို ပြန်လည် ထိန်းသိမ်းရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
Source: DW