CNI International News

မနီလာ၊ မေလ ၂၆

ဒီမိုကရေစီ အရေးတော်ပုံကြောင့် ဖခင်ဖြစ်သူ ဖြုတ်ချခံရပြီးနောက် ၃၆ နှစ်အကြာတွင် ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဖိလစ်ပိုင် ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရလျက် မေလ ၂၅ ရက် လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေး၌ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတသစ်အဖြစ် ကြေညာလိုက်ကြောင်း အေပီသတင်းအရ သိရသည်။

ထို့ပြင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က သီးခြားရွေးချယ် တင်မြှောက်ထားသော ဒုတိယသမ္မတလောင်း ဆာရာဒူတာတေးလည်း အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

ဆာရာဒူတာတေးသည် ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် လက်ရှိသမ္မတ ရိုဒရီဂို ဒူတာတေး၏ သမီးဖြစ်သည်။ လက်ရှိ သမ္မတသည် လာမည့် ဇွန်လ ၃၀ ရက်တွင် ၆ နှစ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။

အဆိုပါ ခေါင်းဆောင်နှစ်ဦးတို့သည် မေလ ၉ ရက် ရွေးကောက်ပွဲရလဒ်အရ Covid-19 အတားအဆီးများ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ မညီမျှမှု ကွာဟချက်များ၊ မွတ်ဆလင်နှင့် ကွန်မြူနစ် လက်နက်ကိုင် အရေးကိစ္စများ၊ ရာဇဝတ်မှု နှိမ်နင်းရေးနှင့် နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို ကိုင်တွယ် ဖြေရှင်းရတော့မည် ဖြစ်သည်။

သမ္မတသစ် မားကို့စ်ဂျူနီယာ၏ ဘေးတွင် အသက် ၉၂ နှစ်ရှိ မိခင် အီမယ်ဒါမားကို့စ်၊ ဇနီးသည်၊ မိသားစု ညီအစ်ကို မောင်နှများနှင့်အတူ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့ ခြံရံလျက် မျက်နှာစုံညီ အစည်းအဝေး ခန်းမထဲ၌ လက်ခုပ် ဩဘာသံများ ခံယူခဲ့ကြ သည်။ အဆိုပါအခမ်းအနားသို့ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

ဆာရာဒူတာတေး ဖိလစ်ပိုင် ဒုသမ္မတအဖြစ် ကြေညာ(AP)

“ကျနော်တို့ ပြည်သူတွေကို ကျနော် ကျေးဇူးတင်ပါတယ်။ ကျနော်တို့မှာ မပြည့်မစုံ ဖြစ်ပေမယ့်လည်း ပြီးပြည့်စုံလာဖို့ အမြဲ ကြိုးစားသွားမယ့်အကြောင်း ကတိပြုပါတယ်” ဟု သတင်းထောက်များကို သမ္မတသစ်က ပြောကြားခဲ့သည်။

“အားလုံးပဲ ကျန်းမာ၊ ချမ်းသာပါစေလို့ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းတဲ့သမ္မတက လုပ်ပေးရင် တိုင်းပြည်လည်း ကောင်းလာမှာမို့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသက် ၆၄ နှစ်အရွယ်ရှိ အုပ်ချုပ်ရေးမှူးဟောင်း၊ လွှတ်တော်အမတ်ဟောင်းဖြစ်သူ မားကို့စ်ဂျူနီယာသည် ၎င်းဖခင်၏ အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မားကို့စ် မိသားစုပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်းတို့အပေါ် အသိအမှတ်ပြုရန် (သို့မဟုတ်) တောင်းပန်ရန် ငြင်းဆိုခဲ့ပြီး ဖခင်ကို ကာကွယ်ပေးခဲ့သည်။

နှစ်ရှည်လများ တရားမဝင် မူးယစ်နှိမ်နင်းမှုအောက်၌ ဆင်းရဲသားအများစု ပါဝင်သည်ဟု ယူဆကြသော ထောင်နှင့်ချီ၍ သတ်ဖြတ် ခံရခြင်းအပေါ် ဖခင်အား တရားစွဲဆိုရန် တောင်းဆိုမှုများအား ဒုသမ္မတသစ် ဆာရာဒူတာတေးက ရင်ဆိုင်ရဖွယ် ရှိသည်။ မူးယစ်နှိမ်နင်းမှုကြောင့် သတ်ဖြတ်ခံရခြင်းအား ယခုအခါ နိုင်ငံတကာ ရာဇဝတ် တရားရုံးက စုံစမ်းစစ်ဆေးလျက် ရှိသည်။

၎င်းတို့နှစ်ဦး၏ သမ္မတရာထူး ကြေညာခြင်းကို မလိုလားကြသည့် တက်ကြွလှုပ်ရှားသူများ ရာနှင့်ချီ၍ မေလ ၂၅ ရက်၌ လွှတ်တော်ဝင်းသို့ ချီတက်လာခဲ့ရာ အဓိကရုဏ် နှိမ်းနင်းရေးရဲများက မီးသတ်ပိုက်နှင့် ဒိုင်းများသုံး၍ နှိမ်နင်းခဲ့ပြီး ၁၄ ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP