CNI International News

ကင်ဘာရာ၊ မေလ ၂၆

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံများ၏ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲသို့ မိမိ တက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများကို နှောင်ကြိုးမပါသည့် မိတ်ဖက်များအဖြစ် မျှော်လင့်ထားကြောင်း ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ပဲနီဝေါင်က ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မေလ ၂၆ ရက် (ယနေ့) တွင် ဖီဂျီနိုင်ငံ၌ ကျင်းပသည့် ပစိဖိတ် ကျွန်းနိုင်ငံများ၏ ဖိုရမ်ဆွေးနွေးပွဲမှာ ပဲနီဝေါင်က မိန့်ခွန်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပစိဖိတ်ဒေသတွင်း လုံခြုံရေးနှင့် ကုန်သွယ် ရေးဆိုင်ရာ ၁၀ နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် အဆိုပါဒေသတွင်းသို့ ရောက်ရှိလာခဲ့ရာ အမေရိကန်နှင့် ၎င်း၏ ပစိဖိတ် မိတ်ဖက် နိုင်ငံများအကြား ဂယက်ရိုက်ခတ်စေခဲ့သည်။

နှစ်ပေါင်း ၅၀ သက်တမ်းရှိသည့် အဆိုပါ ဒေသတွင်းဖိုရမ်တွင် ဩစတြေးလျလည်း အဖွဲ့ဝင်ဖြစ်ပြီး ဩစတြေးလျသည် ပစိဖိတ် ဒေသ၌ အချက်အချာပင်ဖြစ်ကြောင်း ပဲနီဝေါင်က ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းစုနိုင်ငံများ၏ အရေးကို ယခင်က ဩစတြေးလျအနေဖြင့် အလေးမထားမိခဲ့ကြောင်း၊ အဆိုပါနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့် အကျပ်အတည်း ရင်ဆိုင်နေရကြောင်း၊ မိမိတို့ လေဘာ အစိုးရသစ်သည် ရာသီဥတုဆိုင်ရာ အခြေခံ အဆောက်အဦများအတွက် ငွေကြေးထောက်ပံ့ပေးပြီး ပစိဖိတ်ကျွန်းစုနိုင်ငံသား များအတွက် ဩစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ခွင့်နှင့် အလုပ်အကိုင် ဖန်တီးပေးခြင်းတို့ကို ပိုမိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆော်လမွန် ကျွန်းစုနိုင်ငံများ၏ ခေတ္တအုပ်ချုပ်ရေးမှူး(ဘုရင်ခံချုပ်) အိုတီနဲ့ ဝမ်ယိ (AP)

“ရာသီဥတု၊ Covid နဲ့ မဟာဗျူဟာပြိုင်ဆိုင်မှု စတဲ့ စိန်ခေါ်မှု ၃ မျိုးကို ကျမတို့ နည်းလမ်းသစ်တွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါ တယ်။ ပစိဖိတ် မိသားစု တစ်ဦးတစ်ယောက်ရဲ့ လုံခြုံရေးဟာ အားလုံးရဲ့ လုံခြုံရေးအပေါ် မူတည်တယ်ဆိုတာ ကျမတို့ နားလည်ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပစိတ်ကျွန်းစုနိုင်ငံများဖိုရမ်၏ အထွေထွေအတွင်းရေးမှူး ဟင်နရီပူးမားက “ဩစတြေးလျ အစိုးရသစ်၏ ကတိကဝတ်များ အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကတိကဝတ်များကို ကြိုဆိုပါကြောင်း၊ ပစိဖိတ်ဒေသအတွက် ဩစတြေးလျ၏ နိုင်ငံခြားရေးမူဝါဒ အခြေခံအုတ်မြစ်ကို ရာသီဥတုပြောင်းလဲမှုက ကိုင်လှုပ်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ဖစိဖိတ်ကျွန်းစုနိုင်ငံများက တရုတ်ကို ကြိုဆို(AP)

“ဩစတြေးလျအနေနဲ့ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံကို နှောင်ကြိုးနဲ့ ချည်ထားမှာ မဟုတ်ပါဘူး။ ရေရှည်ဖိစီးမယ့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးလည်း မထမ်းစေရပါဘူး” ဟု ပဲနီဝေါင်က ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်သည် အဆိုပါနိုင်ငံများထံသို့ တရုတ်၏ ဖိစီးမှုရှိသော ချေးငွေ ထုတ်ပေးခြင်းအပေါ် ဝေဖန် ထောက်ပြခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖီဂျီနိုင်ငံတွင် လာမည့် သီတင်းပတ်တွင် ကျင်းပမည့် ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် စီစဉ်ထားသည်။ ယင်း အစည်းအဝေးအတွက် ၎င်း၏ ၈ နိုင်ငံ ခရီးစဉ်မတင်မီ ဆော်လမွန် ကျွန်းစုနိုင်ငံများ၏ ခေတ္တအုပ်ချုပ်ရေးမှူး(ဘုရင်ခံချုပ်) အိုတီ (Oti) နှင့် ဝမ်ယိတို့ မေလ ၂၆ ရက် (ယနေ့)တွင် ၎င်းကျွန်းစုနိုင်ငံ ၏ မြို့တော် ဟိုနီယားရား၌ တွေ့ဆုံခဲ့ကြသည်။

Source: Reuters