CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်းက သူ့ရဲ့ ကစားသမားဘဝကို နာမည်ဆိုးနဲ့ အဆုံးသတ်စေခဲ့တဲ့ ခေါင်းတိုက် ချက်နဲ့ ပတ်သက်ပြီး ဂုဏ်ယူစရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဇီဒန်းက “ကျနော်လုပ်ခဲ့တဲ့အရာအတွက် ဂုဏ်ယူစရာမရှိပါဘူး။ဒါပေမယ့် ဒါက ကျနော့်အတိတ်မှာ ဖြစ်ခဲ့တဲ့ အရာတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီ”လို့ Telefoot နဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

အီတလီနဲ့ ပြင်သစ်အသင်းတို့ ကစားခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒီ အဖြစ်အပျက်ဖြစ်ခဲ့ပြီးနောက်မှာ ဇီဒန်းဟာ ၂၀၀၆ ခုနှစ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ဇီဒန်းဟာ ဗိုလ်လုပွဲရဲ့ အချိန်ပို ဒုတိယ ပိုင်းမှာ မာတာရာဇီရဲ့ရင်ဘတ်ကို ခေါင်းနဲ့တိုက်ပစ်ခဲ့တာဖြစ်တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရ တာဖြစ်ပြီး ဇီဒန်းအတွက်တော့ သူ့ရဲ့ နာမည်ကျော်ကစားသမားဘဝကို ဝမ်းနည်းစရာကောင်းစွာနဲ့ အဆုံးသတ်ခဲ့ ရတာပါ။

ဇီဒန်းဟာ ဒီပွဲစဉ်ရဲ့ အစောပိုင်းမှာ ပြင်သစ်အတွက် panenka စတိုင်ကန်သွင်းချက်နဲ့ ပင်နယ်တီသွင်းယူခဲ့ပေမယ့် မာတာရာဇီက အီတလီအတွက် ပြန်ချေပခဲ့တာကြောင့် ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုအထိ ခရီး ဆက်ခဲ့ရတာဖြစ်ပါတယ်။အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး အီတလီက ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာပါ။ဇီဒန်းဟာ ဒီပွဲအပြီးမှာ အနားယူဖို့ စီစဉ်ထားခဲ့ပေမယ့် အနီကတ်ကြောင့် ကစားသမားဘဝကို စောစီးစွာအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဘဝကို ၁၀၈ ပွဲကစားပြီး ၃၁ ဂိုးသွင်းယူကာ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံဆု၊ယူရို ၂၀၀၀ ချန်ပီယံဆုရယူပြီး အဆုံးသတ်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာ ဇီဒန်းဟာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့ပြီး ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ဇီဒန်းဟာ ၂၀၁၈ မှာ ရီးရယ်လ်အသင်းက ထွက်ခွာခဲ့ပေမယ့် ၂၀၁၉ ကနေ ၂၀၂၁ အထိ စပိန်ကလပ်ကို ပြန်လည်ကိုင်တွယ်ခဲ့တာပါ။

ပြင်သစ်ကစားသမားဟောင်းဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပေမယ့် မကြာခင်နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။ဇီဒန်းက “ကျနော့်ရဲ့ နည်းပြဘဝကို ဆက်သွားချင် ပါတယ်။ကျနော် ဆန္ဒရှိနေဆဲဖြစ်ပြီး ဒါက ကျနော့်ရဲ့ ဝါသနာပါ”လို့ ဖြေခဲ့တာပါ။ဇီဒန်းကို ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့က နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Source:DailyMail