CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီက သူဟာ ကမ္ဘာ့ဖလားကို အစွဲအလန်းကြီးနေပြီး ၂ ကြိမ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ဘတ်ပီက “ကမ္ဘာ့ဖလားပြိုင်ပွဲကို အစွဲအလန်းကြီးနေပြီး ဒါက ကျနော့် အိမ်မက်တွေထဲက ပြိုင်ဆိုင်မှုပါပဲ။ ကျနော် ကစားရတာ ကံကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျနော့်ရဲ့ ရာသီကို တည် ဆောက် ခဲ့ပါတယ်။ အခု ကျနော်တို့ ကောင်းမွန်စွာ သွားနေပေမယ့် ကျနော်ချမှတ်ထားတဲ့ ပန်းတိုင်ရောက်ဖို့တော့ ဝေးနေပါသေးတယ်။ ကျနော်လိုချင်တဲ့အရာက ဆုဖလား ရဖို့ပါပဲ”လို့ ပြောခဲ့တာပါ။

၂၀၁၈ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရထားတဲ့ ဘတ်ပီဟာ ပိုလန်အသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ပြင်သစ်အတွက် ၂ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ဒီပွဲမှာ ပိုလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

ဘတ်ပီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား ၂ ကြိမ် ကစားအပြီးမှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ် (SI)

အဲ့ဒါကြောင့် ဘတ်ပီဟာ မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်နဲ့ တူညီခဲ့ပြီး ရော်နယ်ဒိုထက် ၁ ဂိုး အသာ ရသွားခဲ့တာပါ။

ဒါ့အပြင် ဘတ်ပီဟာ အသက် ၂၄ နှစ် မတိုင်ခင်မှာ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုး ရယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားစာရင်းကို ဦးဆောင်နေတာပါ။

အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အတွက် ၆၃ ပွဲ ကစားအပြီးမှာ ၃၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပိုလန်နဲ့ပွဲမှာ ၁ ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂီရော့ဒ်ကလည်း ပြင်သစ်အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဂီရော့ဒ်ဟာ ၅၂ ဂိုးနဲ့ အွန်နရီရဲ့ စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal