CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

ဂျိုရွှာနဲ့ အူဆက်ခ်တို့ရဲ့ မကျေပွဲကို သြဂုတ်လ ၂၀ရက် ဆော်ဒီအာရေးဗျနိုင်ငံ ဂျဒ်ဒါမှာ ထိုးသတ်သွားမယ်လို့ အတည်ပြု လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ရာ အူဆက်ခ်က ဂျိုရွှာကို အမှတ်နဲ့အနိုင်ရရှိခဲ့ပြီး IBF, WBA, WBO နဲ့ IBO ချန်ပီယံခါးပတ်တို့ကို ရယူနိုင်ခဲ့တာပါ။အဲဒါကြောင့် ဆော်ဒီ အာရေးဗျနိုင်ငံမှာ ထိုးသတ်မယ့်ပွဲဟာ သူတို့နှစ်ဦးအတွက် ဒုတိယအကြိမ်မြောက်ပွဲဖြစ်သလို မကျေပွဲလည်း ဖြစ်လာမှာပါ။

ဂျိုရွှာက “ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် ၁၂ ကြိမ်ဆက်တိုက် ထိုးသတ်ရမယ့် တကယ့် ရိုလာကိုစတာ ခရီးပါ။ ချန်ပီယံဖြစ်ခဲ့တယ်၊။ချန်ပီယံဆုကို ပြန်ထိန်းသိမ်းနိုင်ခဲ့တယ်။အဲဒီနောက် အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆု ပြန်လက် လွှတ်ခဲ့ရတယ်။ဒုတိယအကြိမ် ဟဲဗီးဝိတ်ချန်ပီယံပြန်ဖြစ်ခဲ့တယ်။အခုတော့ ဟဲဗီးဝိတ်ချန်ပီယံဆုကို ၃ ကြိမ် မြောက်ရယူနိုင်ဖို့ ထိုးသတ်ရပါတော့မယ်။ပျော်ရွှင်နေတဲ့ တိုက်ခိုက်ရေးသမားဟာ အန္တရာယ်ရှိတဲ့ တိုက်ခိုက်ရေး သမားဖြစ်ပြီး ကျနော်ကတော့ အပျော်ရွှင်ဆုံးနဲ့ စိတ်အားအထက်သန်ဆုံးသူပါ”လို့ ပြောခဲ့ပါတယ်။

ဂျိုရွှာအတွက်တော့ ဆော်ဒီမှာထိုးသတ်မယ့် ဒုတိယမြောက်ပွဲဖြစ်လာခဲ့ပြီး ၂၀၁၉ က အန်ဒီရူးဝစ်နဲ့ ပထမဆုံး အကြိမ် ထိုးသတ်ခဲ့တာပါ။အဲဒီတုန်းက ဂျိုရွှာအနိုင်ရခဲ့ပြီး အဆိုပါရလဒ်မျိုးထပ်မံရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။အူဆက်ခ်ကတော့ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ ပထမဆုံးအကြိမ် ဆော်ဒီနိုင်ငံမှာ ထိုးသတ် မှာဖြစ်ပြီး သူရဲ့ပြီးပြည့်စုံတဲ့စံချိန်ကို ဆက်ထိန်းသိမ်းဖို့ ရှိနေတာပါ။

အူဆက်ခ်ရဲ့ပွဲစီစဉ်သူက “မကျေပွဲက လမ်းကြောင်းပေါ်ရောက်သွားပါပြီ။ပထမအကြိမ်ကထက် ဒီပွဲဟာ ပိုပြီး ကြီးကျယ်ခမ်းနားမှာပါ။သမိုင်းသစ်ကိုလည်း ဖန်တီးရမှာပါ။ကျနော်တို့ နိုင်ငံဟာ အမွေအနှစ်တွေအတွက် တိုက်ပွဲဝင်နေတာပါ။ကျနော်တို့ရဲ့ တာဝန်ကတော့ ဒီအမွေအနှစ်တွေကို ပိုပြီး ကျယ်ပြန့်အောင် ချဲ့ထွင်ရမှာပါ။ ဘုရားသခင်ရဲ့အကူအညီနဲ့ ဒါကို အောင်မြင်နိုင်အောင် ကျနော်တို့လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။

ဂျိုရွှာဟာ လက်ဝှေ့ပွဲပေါင်း ၂၄ ပွဲထိုးသတ်ထားရာ ၂၂ ပွဲအနိုင်ရခဲ့ပြီး ၂ ပွဲရှုံးနိမ့်ခဲ့ကာ အူဆက်ခ်ကတော့ ၁၉ ပွဲထိုး သတ်ထားတာမှာ ၁၉ ပွဲလုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source:Metro