CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅

ပြင်သစ်လက်ရွေးစင်အသင်း ကွင်းလယ်လူ ကန်တီဟာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ်မရှိတော့ဘူးလို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ကန်တီဟာ သြဂုတ်လက ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဒီရာသီမှာ အသင်းရဲ့ ပွဲစဉ်အများအပြားကို ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ကန်တီဟာ ကြံခိုင်မှုအပြည့်ပြန်ရဖို့ ဖြည်းဖြည်းချင်း တည်ဆောက်နေပေမယ့် လေ့ကျင့်ရေး ပြုလုပ်ချိန် ဒဏ်ရာရရှိခဲ့တာကြောင့် ကြီးမားတဲ့ ဆုတ်ယုတ်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။

L'Equipe သတင်းဌာနက ကန်တီရဲ့ဒဏ်ရာအခြေအနေဟာ ပြိုင်ပွဲမတိုင်ခင် ပြန်လည်ကောင်းမွန်ဖွယ်မရှိ တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပေါ့ဘာရဲ့ ကြံခိုင်မှုနဲ့ပတ်သက်ပြီး မသေချာမှုရှိနေတဲ့အချိန် ကန်တီရဲ့ ဒဏ်ရာသတင်းဟာ ပြင်သစ်နဲ့ ဒက်ချမ့်ပ်စ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုဖြစ်လာခဲ့တာပါ။ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူပေးနိုင်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ၂ ဦးမပါဘဲ ပြင်သစ်အသင်း ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ရဖို့ ရှိနေတာဖြစ်ပါတယ်။

အစောပိုင်းက စပေါ့မေးလ်ဟာ ကန်တီရဲ့ ဒဏ်ရာက ကမ္ဘာ့ဖလားမတိုင်ခင် ရက်သတ္တပတ်အနည်း ငယ်လောက်သာ အနားယူဖို့ မျှော်လင့်ခဲ့ပေမယ့် အခုအခြေအနေက ပိုပြီးပြင်းထန်ပုံရှိနေတာပါ။ ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်က ဒဏ်ရာရကစားသမားတွေကို လူစာရင်းမှာ ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။ ကန်တီနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန် မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒဏ်ရာအခြေအနေကြောင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ လည်း အခက်အခဲတွေရှိလာနိုင်ပါတယ်။

ကန်တီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက “ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်မှာ ဒီဆုတ်ယုတ်မှုက စိုးရိမ်စရာအခြေအနေမှာရှိပါတယ်။ဒါပေမယ့် ကျနော်တို့ လုပ်နိုင်တာကတော့ မှန်ကန်တဲ့ရောဂါရှာဖွေမှု၊ မှန်ကန်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို ရယူပြီး ကြံခိုင်မှု အပြည့်နဲ့သူ ပျော်ပျော်ရွှင်ရွှင်ပြန်ကစားနိုင်အောင် ကြိုးစားကူညီပေးဖို့ပါ” လို့ ပြောခဲ့ပါတယ်။

ကန်တီဟာ ပြင်သစ်အတွက် ၂၀၁၆ မှ စတင်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး ပွဲပေါင်း ၅၃ ပွဲပါဝင်ကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ကန်တီဟာ ပြင်သစ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီး၊ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာဖြစ်ပါတယ်။

Source:DailyMail