CNI Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ရေးသားသူ- ဦးအောင်ကျော် ( Law & B.Law )

မြန်မာနိုင်ငံတွင် နေထိုင်သော လူအများသည် အခြားနိုင်ငံတွင် သွားရောက် လုပ်ကိုင်ခြင်းဖြင့် အသက်မွေးလိုသူ များလေသည်။ ထိုသို့ စွန့်စားသွားရောက် စီးပွားရှာလိုသူ လူငယ်များအား အလုပ်သမားရေးရာဝန်ကြီးဌာနမှ တရားဝင် လုပ်ငန်းလိုင်စင်ရယူခြင်း မရှိသူများမှ အေဂျင်စီသဖွယ် ပြောဆိုကာ လုပ်ငန်းရရှိမည်ဟု ပြောဆို၍ စီးပွားရှာနေသူများလည်း ရှိပေသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ ကြားပွဲစားသဖွယ် ပြုလုပ်ပေးနေသူများသည် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေနှင့် ငြိစွန်းနေကြောင်း မသိရှိသူများ ပေသည်။ အလုပ်သမားရေးရာဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့် လိုင်စင် မရရှိဘဲ ကြားပွဲစားသဖွယ် လုပ်ကိုင်ပေးနေသူများမှ လူကုန်ကူး တားဆီးကာကွယ်ရေးဥပဒေနှင့် အရေးယူ ခံရနိုင်ပေသည်။

“လူကုန်ကူးမှု” ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ဌာ အောက်ပါပြုလုပ်မှု တစ်ရပ် ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူ ခြင်း၊ ဌားရမ်းခြင်း၊ ဌားယူခြင်း၊ ခိုလှုံ့ခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုလိုသည် ဟုဖွင့်ဆိုထားလေသည်။
ထို့အပြင် ညစ်ညမ်းသည့် ပုံပြသခြင်း၊ လူကုန်ကူးခံရသူ၊ ဂိုဏ်းဖွဲ့ ကျူးလွန်သူအုပ်စု၊ ကြီးလေးသောပြစ်မှု၊ နိုင်ငံ ကျော်မှုခင်း၊ ထိန်းချုပ်ဖော်ထုတ်ခြင်း၊ ပစ္စည်း၊ ထောင်ဒဏ်တစ်သက်၊ ကလေးသူငယ်၊ လူငယ်နှင့် ဗဟိုအဖွဲ့ ဆို သည့် စကားရပ်များအား အခန်း (၁)တွင် အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြထားလေသည်။

MOU ဖြင့် ထိုင်းကို သွားရောက်လုပ်ကိုင်ကြမည့် အလုပ်သမားများကိုတွေ့ရစဉ်

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအား (မြန်မာသက္ကရာဇ် ၁၃၆၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်) 13th September, 2005 ခုနှစ်၌ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ဥပဒေ အမှတ် ၅/၂၀၀၅ ဖြင့် ၎င်းတို့လက်ထက်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပေသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရက်ကွက်အတွင်း ပြည်ပကို အလုပ်သမားများပို့နေသည့် အေဂျင်စီတစ်ခု ဖွင့်လှစ်နေသော အဆောက်အဦးတွင် နေထိုင်သူ တစ်ဦးက “ကျနော် နေတဲ့ အဆောက်အဦးမှာ ဆိုရင် မြေညီနဲ့ ပထမ ထပ်မှာသူတို့ ဖွင့်ထားတယ်၊ ပထမထပ်မှာ နယ်ပေါင်းစုံက လူတွေကို ညအိပ်ညနက် ထားတယ်၊ ပြီးတော့ အဝင်လိုက်ထွက်လိုက် တအားများတယ်၊ အောက်ဆုံးကနေ အပေါ်ကို တက်တဲ့ တံခါးကို လုံခြုံရေးအရ သော့ခတ်ကြတယ်၊ ဒါပေမယ့် သူတို့လာတော့ အဲသော့ကို မခတ်တော့ဘဲ ဖွင့်ဖွင့်ထားတယ်၊ ကျနော် တို့က ခိုးဆိုးလုနှိုက်များလို့ လုံခြုံရေးအရ သော့ခတ်တာ သူတို့က လူပေါင်းစုံကိုလည်း ခေါ်ညအိပ်ခိုင်းတယ်၊ သော့ လည်း မခတ်ဘဲ သူတို့အလွယ်တက်လို့ရအောင် ဖွင့်ဖွင့်ထားတယ်၊ အဲဒီမှာ သူ့လူမှန်း ကိုယ်လူမှန်းမသိဘဲ လိုက် တက်ပြီး အပေါ်မှာ နေထားမယ်၊ ပြီးရင် အိမ်တွေ ဖောက်မယ်ဆို ဘယ်သူတာဝန်ယူမှာလဲ၊ အခု ကျနော်သိ သလောက်ဆို ပြည်ပကို အလုပ်သမား စေလွှတ်တာ အောက်လမ်းက လွှတ်နေကြတာ ဒါတွေက လူတွေကို တရား မဝင် လူကုန်ကူးမှု ကျူးလွန်နေတာပဲ ဒါကို သက်ဆိုင်ရာက အရေးယူပေးသင့်တယ်၊ တိုက်ခန်းနေ လူထုအတွက် လည်း စိစစ်ကြပ်မတ်ပေးသင့်တယ်၊ မဟုတ်ရင် ကျနော်လည်း တိုင်ကြားဖို့တော့ လုပ်နေပါတယ်”ဟု ပြောသည်။

လက်ရှိ အခြေအနေမှာတော့ ပြည်ပသို့ အလုပ်သမားများ တရားမဝင် စေလွှတ်နေသူများသည် ဥပဒေ၏ ကင်းလွတ်ခွင့်ကို ရရှိနေသလို ဖြစ်နေခြင်းကြောင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့် ထိထိမိမိ အရေးယူ ကြပ်မတ်သင့်သည်။

တစ်အိမ်တက်ဆင်း လိုက်လံ မစိစစ်နိုင်ဘူးဟု အကြောင်းပြ နိုင်သော်လည်း လမ်းနေလူထု သို့မဟုတ် ရပ်ကွက်နေ လူထု သို့မဟုတ် အေဂျင်စီများ လုပ်ကိုင်နေသူများနှင့် အဆောက်အဦးအတူ နေထိုင်သူများက လွယ်လင့်တကူ တိုင်ကြားနိုင်မည့် ကွန်ရက်တစ်ခုကို တည်ဆောက်ထားသင့်သည်။

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(RFA)ကိုတွေ့ရစဉ်

ထိုသို့ တိုင်ကြားလာပါက ချက်ချင်း စိစစ်ကာ ဥပဒေနှင့်မညီပါက ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက် သင့်သည်။

နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက် လုပ်ကိုင်လို သူများအနေဖြင့် အလုပ်သမားရေးရာဝန်ကြီးဌာနမှ တရားဝင် လုပ်ငန်းလိုင်စင် ရရှိထားသော အေဂျင်စီများနှင့်သာ ဆက်သွယ်လုပ်ကိုင်သင့်သည်။ သို့သော် ယခုအချိန်၌ နိုင်ငံ ရပ်ခြားတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသူ များပြားလာသဖြင့် အချို့မသမာသူများမှာ အေဂျင်စီဟု အမည်များ သုံးကာ တရားဝင် ကုမ္ပဏီသဖွယ် တိုက်ခန်းများငှားရမ်းကာ တရားဝင်အေဂျင်စီသဖွယ် လုပ်ကိုင်သယောင် အလုပ် များ လက်ခံလေ့ ရှိလေသည်။

တိုက်ခန်းပိုင်ရှင်များ အနေနှင့်လည်း အလုပ်သမားရေးရာဝန်ကြီးဌာနမှ လိုက်စင်မရရှိဘဲ အလုပ်သမား အေဂျင်စီ သဖွယ် လုပ်ကိုင်နေသူများအား မငှားရမ်းသင့်ပေ။

အဘယ်ကြောင့်ဆိုသော် ငှားရမ်းထားသော တိုက်ခန်း၌ ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စများ ဆောင်ရွက်နေ သော အချက်ကြောင့် ဖြစ်ပေသည်။

ထို့အပြင် ၎င်းအေဂျင်စီသို့ လာသူများပြားလျှင် ဘေးပတ်ဝန်းကျင်ရှိ အခန်းများအတွက်လည်း အန္တရာယ်များလေ သောကြောင့် ဖြစ်ပေသည်။

တိုက်ခန်းပိုင်ရှင်အနေဖြင့်လည်း ကိုယ်ငှားရမ်းထားသူမှာ အလုပ်သမားရေးရာဝန်ကြီးဌာနမှ တရားဝင် လိုင်စင် မရရှိထားသော ကုမ္ပဏီဟု စုံစမ်းသိရှိလျှင် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ ငှားရမ်းခြင်းအား ရပ်စဲပိုင်ခွင့်ရှိလေသည်။

တချို့သော အေဂျင်စီများသည် တိုက်ခန်းများကို ဝယ်ယူ၍ ရုံးခန်းများသဖွယ် ဖွင့်လှစ်၍ လုပ်ကိုင်ကြသည်များ လည်းရှိသည်။ ထိုသူများသည်လည်း နိုင်ငံခြားသို့ အလုပ်သမားများ တရားမဝင် စေလွှတ်ပါက လူကုန်ကူးမှုကို ကျူးလွန်နေကြောင်း အဆောက်အဦ တစ်ခုတည်းနေ အခန်းရှင်များက သိရှိဖို့လိုအပ်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ခိုးဆိုးလုနှိုက်မှုများ ပေါများနေခြင်းကြောင့် မိမိ နေထိုင်သော အဆောက်အဦးသို့ အလုပ် သမား အေဂျင်စီများ လာရောက် လုပ်ကိုင် (ရုံးဖွင့်)နေပါက သတိထားစောင့်ကြည့်၍ လုံခြုံရေး စိုးရိမ်မှုအရ လက် မခံနိုင်ကြောင်း သက်ဆိုင်ရာသို့ တင်ပြကာ ဖြေရှင်းပေးနိုင်ရေး တင်ပြသင့်သည်။

ကိုးကား