CNI International News

မော်စကို၊ စက်တင်ဘာ ၁၄

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ ၁၅ ရက် (မနက်ဖြန်)တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ တွေ့ဆုံ၍ ယူကရိန်းအရေးနှင့် ထိုင်ဝမ်အရေးတို့ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

ထို့နောက် ပထဝီဝင် နိုင်ငံရေး အခြေအနေအရ ယခုတွေ့ဆုံမှုမှာ အထူးအရေးကြီးကြောင်း ကရင်မလင်သမ္မတ နန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

ရှီကျင့်ဖျင်သည် မော်စီတုံးနောက်ပိုင်း သြဇာအကြီးဆုံး တရုတ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမခံရမီ တစ်လ အလိုတွင် ပူတင်နှင့် တွေ့ဆုံရန်အတွက် အာရှအလယ်ပိုင်းသို့ ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ထွက်ခွာ မည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ကိုဗစ်ကပ်ရောဂါ နောက်ပိုင်း ရှီ၏ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

“သမ္မတနှစ်ဦးတို့ဟာ နှစ်နိုင်ငံအစီအစဉ်နဲ့ ဒေသတွင်း၊ နိုင်ငံတကာအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွား မှာပါ” ဟု ကရင်မလင်သမ္မတနန်းတော်မှ လက်ထောက်တစ်ဦးဖြစ်သည့် ယူရီအူရှာကော့ဗ်က မော်စကိုမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူကရိန်းနဲ့အတူရှိကြောင်း ထိုင်ဝမ်ပြည်သူများ ပြသ (Reuters)

“ပုံမှန်အားဖြင့် မိမိတို့နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း ရှားရှားပါးပါး မြင့်မားတဲ့ ယုံကြည်မှုအဆင့်ကို အပြုသဘောဆောင် အကဲဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်၏ မြင့်တက်လာသော စူပါပါဝါ အနေအထားနှင့် ရုရှား၏ သဘာဝ အရင်းအမြစ်များအကြား အကန့် အသတ်မရှိ ထဲထဲဝင်ဝင် မိတ်ဖက်ဆက်ဆံရေးသည် ပထဝီဝင် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်သည်။ ယင်း ဖွံ့ဖြိုးတိုးတက်မှုကို အနောက်အုပ်စုက စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။

သမ္မတနှစ်ဦး ဆွေးနွေးမှုတွင် ရှီကျင့်ဖျင်၏ ဩဇာအာဏာကို အလေးအနက် ထုတ်ဖော်ရန် အခွင့်အရေးရရှိမည် ဖြစ်သည်။

အာရှဆီသို့ ပူတင်၏ တိမ်းညွှတ်မှုကို ယခုဆွေးနွေးမှုတွင် မြင်ရမည်ဖြစ်သလို ယူကရိန်းအရေးနှင့် ပတ်သက်၍ မော်စကိုအပေါ် အနောက်အုပ်စု အပြစ်ပေးချိန်၌ သမ္မတနှစ်ဦးစလုံးက အမေရိကန်ဆန့်ကျင်ရေးလည်း ပြသနိုင် ဖွယ်ရှိနေသည်။ ယူကရိန်းသို့ ကျူးကျော်စစ်ကို ရုရှားဘက်မှ အထူးစစ်ဆင်ရေးဟု ခေါ်ဆိုထားသည်။

နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၄၀ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယခုနှစ် ပထမ ၇ လတာအတွင်း၌ပင် စုစုပေါင်း ဒေါ်လာ ၉၃ ဘီလီယံနီးပါး ရှိနေကြောင်း ကရင်မလင်၏ အဆိုအရ သိရသည်။

တရုတ်သည် ရုရှား၏ ရေနံအများဆုံး ဝယ်ယူသူဖြစ်နေပြီး ယင်းဝင်ငွေသည် မော်စကို၏ နိုင်ငံ့ဘဏ္ဍာအတွက် အဓိက ဝင်ငွေများထဲမှ တစ်ခုဖြစ်သည်။

ပူတင်၊ ဘိုင်ဒန်၊ ရှီကျင့်ဖျင်တို့ကြားက ထိုင်ဝမ်နဲ့ ယူကရိန်း (GETTY IMAGES)

ယူကရိန်းအရေး မတည်မငြိမ်ဖြစ်နေချိန် ဥရောပသို့ ရုရှားဓာတ်ငွေ့‌ရောင်းချမှု သိသာစွာ လျှော့ချလိုက်ပြီးနောက် အခြားနိုင်ငံများသို့ ဓာတ်ငွေ့ရောင်းချမှု မြှင့်တင်ရန်နှင့် ပိုက်လိုင်းအသစ်များ သွယ်တန်းနိုင်ရန် ရုရှားက ကြိုးပမ်း လာခဲ့သည်။

“ယူကရိန်း အကျပ်အတည်းအပေါ်မှာ တရုတ်ရဲ့ရပ်တည်ချက်ကို ကျနော်တို့ တန်ဖိုးထားပါတယ်။ ဘေဂျင်းက လည်း ဒီပဋိပက္ခအတွက် ဟန်ချက်ညီတဲ့ ချဉ်းကပ်မှုတစ်ခုကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းကို အထူးစစ်ဆင်ရေးလုပ်တဲ့အပေါ်မှာ ဘေဂျင်းက ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ ဒီပြဿနာကို သမ္မတနှစ်ဦး တွေ့တဲ့အခါ သေသေချာချာ ဆွေးနွေးသွားမှာပါ” ဟု ယူရီအူရှာကော့ဗ်က ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရှေးဟောင်းပိုးလမ်းမပေါ်ရှိ ဆာမာခန်မြို့(Samarkand) ၌ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေး ပြင်ပ၌ ရှီကျင့်ဖျင်နှင့်ပူတင်တို့ သီးခြားတွေ့ဆုံကြရန် စီစဉ် ထားသည်။

ဥဇဘက်ကစ္စတန်၌ပင် တရုတ်နှင့် ရုရှား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးကြရန် မျှော်လင့်ထားကြောင်း ကရင်မလင်သမ္မတရုံးလက်ထောက် ယူရီအူရှာကော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters