CNI International News

ကိယတ်ဗ်၊ မတ်လ ၁၄

တရုတ်သမ္မတရှီကျင့်ဖျင် (Xi Jinging) သည် လာမည့် သီတင်းပတ်အတွင်း ယူကရိန်းအား ရုရှားကျူးကျော်စစ် စတင်အပြီး ပထမဆုံးအဖြစ် ရုရှားသို့ သွားရောက်မည်ဖြစ်သလို ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့်လည်း တွေ့ဆုံ သွားဖွယ်ရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

အဆိုပါ ခရီးစဉ်သည် ရှီကျင့်ဖျင်၏ ယူကရိန်းသံတမန်ရေးသို့ ပို၍ နက်ရှိုင်းစွာ ပါဝင်လာနိုင်သည်ကို ညွန်းပြနေ ကြောင်း ဆိုသည်။

ရုရှားခရီးစဉ်ကို ယခင် မျှော်လင့်ထားသည်ထက် ပိုစောကာ စီစဉ်လိုက်ခြင်း ဖြစ်သည်။

ရှီသည် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဗွီဒီယိုမှတဆင့် ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသည်ဟု Wall Street Journal တွင် ဖော်ပြထား သော်လည်း ယင်းကို ရိုက်တာမှ သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ တရုတ် နိုင်ငံခြားရေးဌာနမှလည်း မေးမြန်းမှုကို ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။

 

ယူကရိန်း ရှေ့တန်း တစ်နေရာကိုတွေ့ရစဉ် 

ရှီ၏ ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သော သတင်းရင်းမြစ်များသည်လည်း ယခုကိစ္စနှင့်ပတ်သက်၍ အမည် မဖော်ထုတ်ရန် တောင်းဆိုထားသည်။

စည်းမျဉ်းများအရ နိုင်ငံခြား ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်ကို ကြိုတင်ဖော်ထုတ်၍ မရကြောင်း၊ အရာအားလုံး ပြင်ဆင်ပြီးချိန်တွင် ထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယူကရိန်းစစ်ပွဲသည် အနောက်အုပ်စု အလိုအရဖြစ်သည်။ ရှီအား ရုရှားသို့ လာရန် မကြာခဏ ဖိတ်ခေါ်လေ့ရှိသည့် ပူတင်အတွက် ရှီ၏ ခရီးစဉ်က အရေးပါသော အခြေအနေတစ်ရပ် ဖြစ်သည်။

ရှီသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားအစိုးရအား တစ်စုံတစ်ရာ ဝေဖန်မှု လုပ်ဆောင်ရန် ငြင်းဆန်ထားသူ ဖြစ်ပြီး ရုရှားသည်လည်း ဥရောပဈေးကွက် ပိတ်ပင်ခံရချိန်တွင် ရေနံနှင့်ဓာတ်ငွေ့များ ရောင်းချရန် တရုတ်ကို မှီခို နေရသည်။

သို့သော် တစ်ဖက်တွင်လည်း ရှီသာ ဇာလန်းစကီးနှင့် ဗွီဒီယိုမှတဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းက ယူကရိန်းတို့အတွက် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။

ဇာလန်းစကီးသည် ယူကရိန်းစစ်ပွဲအတွင်း တရုတ်အနေဖြင့် ရုရှားအား ထောက်ပံ့မှု လုပ်ဆောင်သည်ထက် ကြားနေအဖြစ် ဆက်နေစေလိုသူ ဖြစ်ရုံမက ၎င်းနှင့်ပြောဆို ဆွေးနွေးမှု လုပ်ဆောင်ရန်လည်း တောင်းဆိုခဲ့ဖူးသည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ်

တရုတ်သည် ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို ဖေဖော်ဝါရီလတွင် အဆိုပြုခဲ့ဖူးသည်။

ယင်းကို ရုရှားဘက်က ချီးကျူးခဲ့ပြီး အနောက်အုပ်စုဘက်က ဝေဖန်ခဲ့သော်လည်း ဇာလန်းစကီးက ကြိုဆိုခဲ့သည်။

တရုတ်သည် ရုရှားအား လက်နက် ထောက်ပံ့နေသည်ဟု ပြီးခဲ့သည့်လမှ စတင်ကာ အမေရိကန်ဘက်က အစဉ်တ စိုက် ပြောခဲ့သော်လည်း တရုတ်အစိုးရက ယင်းကို ငြင်းဆန်သည်။

ထိုသို့ လုပ်ဆောင်လျှင် တတိယကမ္ဘာစစ် ဖြစ်လာနိုင်သည်ဟု ဇာလန်းစကီးက ပြောခဲ့သော်လည်း တရုတ်သည် ထိုအန္တရာယ်ကို သတိပြုမိမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ရုရှားက ယူကရိန်းသို့ ကျူးကျော်စစ် တစ်နှစ်ပြည့်ချိန်တွင် တရုတ်ထိပ်တန်း သံတမန်က ရုရှားသို့ သွားရောက် လည်ပတ်ခဲ့ပြီး တစ်ဖက်တွင်လည်း အမေရိကန်သမ္မတက ကိယက်ဗ်မြို့သို့ သွားခဲ့သည်။

Source: ရိုက်တာ