CNI International Article

၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီးတို့အကြား အဓိပ္ပါယ်ရှိသော အချိန်ကြာမြင့်စွာ ဖုန်းပြောဆိုမှုသည် ယူကရိန်းစစ်မြေပြင်တွင် ရုရှားကို ကြားခံစစ်ပွဲ ဆင်နွဲနေသည့် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုအတွင်း သဘောထား ကွဲလွဲမှုများကို ဖြစ်စေခဲ့သည်။

ဧပြီ ၂၆ ရက်နေ့ သမ္မတနှစ်ဦးအကြား ဖုန်းပြောဆိုမှုကို ယူကရိန်းဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု တရုတ်ဘက်က ထုတ်ပြန်ထားသည်။

ယခုလို အခြေအနေတွင် တရုတ်သည် ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြားဝင် ဆောင်ရွက်ပေးမည်လား မေးစရာ မလိုတော့ပေ။

ယင်းထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ရှီနှင့် ဇာလန်းစကီးတို့၏ ဖုန်းဆက် ပြောဆိုမှုကြောင့် ဘာတွေ ဆက်ဖြစ် လာမလဲဆိုသည်ပင်။

လက်ရှိတွင် ရှီသည် ယူကရိန်း ငြိမ်းချမ်းရေးအတွက် အကောင်အထည် ဖော်ပေးနိုင်ရန် အလားအလာ အရှိဆုံး စာရင်းတွင် ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပြီ။

ပြီးခဲ့သည့်လ အနည်းငယ်အထိ ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သူ နည်းပါးပေလိမ့်မည်။

ရုရှား ဒုံးကျည်ကြောင့် ပျက်စီးနေတဲ့ အဆောက်အဦကိုတွေ့ရစဉ်

ယူကရိန်းနှင့် ရုရှားတို့၏ စစ်ပွဲတွင် တရုတ်ကို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူအဖြစ် မသတ်မှတ်ခဲ့ကြပေ။

သို့သော် ဆော်ဒီနှင့်အီရန်တို့၏ ကိစ္စတွင် တရုတ်၏ လုပ်နိုင်စွမ်းကို မြင်တွေ့ခဲ့ရသည်။

အစဉ်အလာ ရန်ဘက်နှစ်နိုင်ငံသည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပုံမှန်ဆက်ဆံရေးကို ပြန်လည် ထူထောင် နိုင်ခဲ့ပြီး ထိုဖြစ်စဉ်တွင် မြင်တွေ့ခဲ့ရသည့် တရုတ်၏ စေ့စပ်ညှိနှိုင်းမှု စွမ်းရည်ကြောင့် ၎င်းတို့၏ လုပ်နိုင်စွမ်းနှင့် ပတ်သက်သည့် သံသယများသည်လည်း ကင်းရှင်းခဲ့ရသည်။

တရုတ်သမ္မတတွင် ပြဿနာအတွက် အဖြေမဟုတ်လျှင်ပင် အစီအစဉ်တစ်ခုခု ရှိပုံရပြီး ယင်းက ငြိမ်းချမ်းရေး မဟုတ်လျှင်ပင် အနည်းဆုံး တိုက်ပွဲများကို ရပ်တန့်နိုင်စွမ်း ရှိသည်။

ရှီသည် ပြီးခဲ့သည့်လတွင် ရုရှားသို့သွားကာ ပူတင်နှင့် တွေ့ဆုံခဲ့သည်။ ထိုခရီးစဉ်တွင် တရုတ်သမ္မတသည် ရုရှား သမ္မတ ပူတင်အား မိတ်ဆွေကြီးဟု သမုတ်ခဲ့ကာ အတိအကျ မဟုတ်သော်လည်း သေချာမှုရှိသည့် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ချပြခဲ့သည်။

ထိုခရီးစဉ် ပြီးသည်နှင့် တစ်ပြိုင်တည်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ယူကရိန်းသို့လာရန် ရှီအား ဖိတ်ကြားမှု ပေါ်ပေါက်ခဲ့သည်။

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဖြစ်သည်။ ရုရှား၏ ဖေဖော်ဝါရီ ၂၀၂၂ ကျူးကျော်မှု မစတင်ခင် ပုံမှန် ဆက်ဆံရေး ရှိခဲ့သော်လည်း ကျူးကျော်မှု စတင်ပြီးကတည်းက ၎င်းတို့နှစ်ဦးအကြား တိုက်ရိုက် ဆက်သွယ်မှု မရှိတော့ဟုလည်း ယူကရိန်းသမ္မတက ထောက်ပြသည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

တရုတ်အစိုးရအတွက် ယူကရိန်းသည် အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ကာ ၎င်းတို့ အနေဖြင့် ယူကရိန်း အတွင်း ကာကွယ်ရန် အရေးကြီးသော စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများစွာလည်း ရှိနေသည်ကို ထွေထွေ ထူးထူး ရှင်းပြရန် လိုအပ်မည် မဟုတ်ပေ။

တရုတ်သည် ယူကရိန်းနိုင်ငံအတွင်း အရေးပါသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အဦ စီမံကိန်း များတွင်လည်း အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံထားသည်။

ထို့ကြောင့် ရှီတွင် တရုတ်၏ ကာလရှည် အကျိူးစီးပွားအတွက် ကာလရှည် ရှုထောင့်မျိုး ပိုင်ဆိုင်ထားကာ ယူကရိန်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မဖြစ်မနေ တည်ဆောက်သွားမည်လည်း ဖြစ်သည်။

ယူကရိန်း အစိုးရနှင့် ပြည်သူများအတွက် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ငြိမ်းချမ်းရေးအတွက် စေ့စပ် ဆွေးနွေးပေးသူအဖြစ် ပါဝင်ခြင်းသည် ထိုသို့ လုပ်ဆောင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။

မကြာသေးခင် ပင်တဂွန်ဘက်မှ ထွက်ပေါ်လာသော စာရွက်စာတမ်းများအရ အမေရိကန်နှင့် ယူကရိန်းတို့ အကြား၊ အမေရိကန်နှင့် ဥရောပ၏ အင်အားကြီး မဟာမိတ်တို့အကြား မကျေလည်မှုများ ရှိနေခြင်းကြောင့်လည်း ဇာလန်းစကီးအနေဖြင့် ခက်ခဲသော လမ်းစဉ်ကိုလိုက်ကာ တရုတ်သမ္မတနှင့် ပိုမို နီးကပ်ရေး ကြံဆောင်ရန် ဆုံး ဖြတ်လိုက်ပုံရသည်။

သို့သော် ယူကရိန်းသမ္မတအတွက် အကောင်းပြချက် ကောင်းကောင်းကလည်း ရှိနေသည်။

တရုတ်အစိုးရကိုယ်တိုင်က ၎င်းတို့သည် ယူကရိန်းအရေးတွင် ငြိမ်းချမ်းရေးအတွက်သာ ခိုင်မာစွာ ရပ်တည်နေ သည်ဟု ထုတ်ပြန် ကြေညာထားသည်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ရန် ငြင်းဆန်ထားသည့် အခြေအနေတွင် ဖြစ်သည်။

ရှီအနေဖြင့် ၎င်းနှင့် ပူတင်တို့အကြား ဆက်ဆံရေးကို မည်ကဲ့သို့ပင် အမွှန်းတင် ပြောဆိုခဲ့သည်ဖြစ်စေ ယူကရိန်း အပေါ် ရုရှား၏ ကျူးကျော်စစ်တွင် တရုတ်သည် ကြားနေနိုင်ငံ တစ်ခုသာဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ဖော် ပြသထားသည်။

ယူကရိန်းစစ်သားကိုတွေ့ရစဉ် 

ယူကရိန်းအနေဖြင့် အခွင့်အရေးကို ဆုပ်ကိုင်ကာ နိုင်ငံရေး အဖြေရှာရန်အတွက် မျက်နှာသာ ရရှိမည့်အခြေအနေ များကို တည်ဆောက် ထားသင့်သည်ဟု ရှီက ပြောခဲ့သည်။

ထိုပြောစကားကို ကြည့်ခြင်းဖြင့် ယူကရိန်းနှင့် အမေရိကန်တို့အကြား မကျေလည်မှုများ မြင့်တက်လာသည်ကို မြင်တွေ့ရမည်။

ဇာလန်စကီးနှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုတွင် ရှီက အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မာမှုတို့ အပေါ် အပြန်အလှန် လေးစားမှုသည် တရုတ်-ယူကရိန်း ဆက်ဆံရေး၏ နိုင်ငံရေဆိုင်ရာ အခြေခံ အုတ်မြစ် ဖြစ်သည်ဟူသော တရုတ်၏ ကာလရှည် ရပ်တည်မှုကို ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍လည်း ရှီသည် ဖေဖော်ဝါရီ ၂၄ ရက်က အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ် အတိုင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို ပါဝင်ကူညီပေးခြင်းသည် တရုတ်၏ ခိုင်မာသော ရပ်တည်ချက် ဖြစ်သည်ဟု ပြောခြင်းနှင့် ဇာလန်းစကီး၏ အထင်ကြီးမှုကို ရယူနိုင်ခဲ့သည်။

ထို့အပြင် တရုတ်သမ္မတသည် တရုတ်အနေဖြင့် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတို့အား တစ်ခုတည်းသော အဖြေရှာရန် နည်းလမ်းအဖြစ် တက်ကြွစွာ ဖိအားပေး ဆောင်ရွက်သွားမည်ဟုလည်း ရှင်းလင်းစွာ ပြောဆိုခဲ့ သေးသည်။

တရုတ်အနေဖြင့် အစောပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတို့အတွက် ကြိုးပမ်း ဆောင်ရွက် သွားမည်ဟု ရှီက ကတိပေးသည်။

ယင်းသည် မကြာမီ အချိန်အတွင်း ဖြစ်လာနိုင်ရန် ခက်ခဲသော်လည်း တစ်ဖက်တွင် တရုတ်သည် ယူကရိန်းပဋိပက္ခ အတွက် နိုင်ငံရေး အဖြေရှာရန် ဘက်ပေါင်းစုံနှင့် နက်ရှိုင်းစွာ အချက်အလက် ဖလှယ်ရေးအတွက် ယူကရိန်းနှင့် တခြား နိုင်ငံများသို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို စေလွှတ်သွားမည် ဖြစ်သည်။

ယင်းက တရုတ်သမ္မတ အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေးအပေါ် မည်မျှအထိ အလေးအနက်ထား သည်ကို ပြသနေသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ၊ ဂျာမနီ၏ အိုလက်ဖ်ရှလော့ဇ် တို့ကဲ့သို့ ဥရောပထိပ်သီး ခေါင်းဆောင်များ အနေဖြင့်လည်း အမေရိကန်၏ အဖွဲ့အစည်း အချင်းချင်းအား ပြိုင်သည့် နိုင်ငံရေးမူဝါဒတွင် ကြားညှပ်မည်ကို စိုးရိမ်ကြောင်း ပြောဆိုထားမှုကြောင့် ၎င်းတို့အနေဖြင့် နောက်ပိုင်းတွင် တရုတ်၏ လုပ်ငန်းစဉ်များအပေါ် ယိမ်းယိုင်မှုများ ရှိလာနိုင်သည်ဟု ယူဆရသည်။

Source: Wionews