CNI Sport Article

၂၀၂၃ ခုနှစ်၊ မေလ ၇

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ် လိုက်ပြီဆိုတဲ့ သတင်းဟာ ဒီရက်သတ္တပတ်အတွင်းမှာ လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီက ထွက်ခွာဖို့ အရင်ကတည်းက ဆုံးဖြတ်ထားပေမယ့် ဆော်ဒီကို အသင်းခွင့်ပြုချက် မရဘဲ သွားခဲ့တာကြောင့် ၂ ပတ်ကြာ ဆိုင်းငံ့တဲ့ အရေးယူမှုခံခဲ့ရပြီးနောက် ဒီသတင်းတွေဟာ ပိုပြီး သေချာသွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်က အခုရာသီအကုန်မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

အစောပိုင်းက ၁ နှစ် သက်တမ်းတိုးဖို့အတွက် မူအရ သဘောတူညီမှုတွေ ရှိခဲ့ပေမယ့် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ဆက်ဆံပုံတွေဟာ မက်ဆီအတွက် စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းမှာ အထိခံလို့ မရတဲ့ ကစားသမားအဖြစ် ရှိခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို မကြာခဏ ခံနေရတာပါ။

ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ မက်ဆီအတွက်တော့ ဒီလိုမျိုး ပြုလုပ်မှုကို အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းမှာ မကြုံတွေ့ ခဲ့ရတော့ အလွန်အံ့အားသင့်နေတာ ဖြစ်ပါတယ်။ အဲလို အချိန်ကတည်းက မက်ဆီကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအသင်း အပါအဝင် ဆော်ဒီကလပ်တွေနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းတို့က ချိတ်ဆက် နေခဲ့တာပါ။

ဆော်ဒီမှာ အပန်းဖြေထွက်နေတဲ့ မက်ဆီနဲ့မိသားစုကိုတွေ့ရစဉ်

မက်ဆီဟာ လော်ရီးယန့်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီး ဆော်ဒီကို ခရီးထွက်သွားချိန်မှာ အသင်းနဲ့ ဆက်ဆံရေး ဟာ အဆိုးဆုံး အခြေအနေကို ရောက်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ ဒီလိုလုပ်ခဲ့တဲ့ မက်ဆီ ကို ၂ ပတ်ကြာ အသင်းနဲ့ ပူးပေါင်းခွင့်ပေးမှာ မဟုတ်သလို အဲဒီကာလအတွင်းမှာ ရရှိမယ့် လုပ်ခလစာကိုလည်း မပေးချေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီအချိန်မှာ ပရိသတ် တချို့ဟာ နေမာရဲ့ အိမ်ရှေ့ သွားရောက်ပြီး မက်ဆီနဲ့ နေမာကို အသင်းကနေ ထွက်ခွာဖို့ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နာမည်ကျော် ကစားသမား ၂ ဦးအပေါ် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ဆက်ဆံ ပုံဟာ တော်တော်လေး ဆိုးခဲ့ပြီး မက်ဆီလို ကစားသမားအပေါ် တန်ဖိုးမထားတက်လို့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ဆော်ဒီကလပ် အသင်းတွေဟာ ဒီအခွင့်အရေးကို အရယူဖို့ ကမ်းလှမ်းမှုတွေတောင် ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

အရင်ကတည်းက ဆော်ဒီဟာ သူတို့ရဲ့လိဂ်ကို လူတွေပိုပြီး စိတ်ဝင်စားလာအောင် နာမည်ကြီး ကစားသမားတွေကို ငွေကြေး အများအပြားပေးပြီး ခေါ်ယူဖို့ စီမံချက်ရှိနေတာပါ။ အဲဒါကြောင့်လည်း ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဟာ မက်ဆီရဲ့ ကာလကြာရှည်ပြိုင်ဘက် ရော်နယ်ဒိုကို တစ်နှစ်ကို ဒေါ်လာသန်း ၂၂၀ လုပ်ခလစာပေးပြီး ခေါ်ယူထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ မက်ဆီကိုတွေ့ရစဉ်

အခုအချိန်မှာ သူတို့ရဲ့ နောက်ထပ် ပစ်မှတ်က မက်ဆီဖြစ်လာခဲ့ပြီး အယ်လ်နာဆာရဲ့ ပြိုင်ဘက် အယ်လ်ဟီလယ် အသင်းရဲ့ တရားဝင် ကမ်းလှမ်းမှုကို အာဂျင်တီးနား ကစားသမားဟာ လက်ခံရရှိထားခဲ့ပါတယ်။

အယ်လ်ဟီလယ် အသင်းဟာ ရော်နယ်ဒို အယ်လ်နာဆာမှာ ရနေတဲ့ လုပ်အားခထက် ပိုပြီးပေးဖို့ ဆုံးဖြတ်ထားပြီး တစ်နှစ်ကို ဒေါ်လာသန်း ၄၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။

မက်ဆီဟာ ခရီးသွား လုပ်ငန်းဆိုင်ရာ ဆော်ဒီရဲ့ သံတမန်ဖြစ်တဲ့အတွက် ဆော်ဒီနိုင်ငံက တာဝန်ရှိသူတွေဟာ ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်ဖို့ ဝိုင်းဝန်း ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီအနေနဲ့ ဆော်ဒီကို ပြောင်းလာခဲ့မယ်ဆိုရင် ရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် ပြန်လည် ရင်ဆိုင်ရ တော့မှာဖြစ်ပြီး ဆော်ဒီလိဂ်ကလည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တော့မယ်ဆိုတာ အသေအချာပါပဲ။

ရော်နယ်ဒိုနဲ့မက်ဆီကိုတွေ့ရစဉ်

ဘာစီလိုနာနဲ့ အင်တာမိုင်ယာမီ အသင်းတို့ဟာ မက်ဆီကို ခေါ်ယူနိုင်မယ်ဆိုရင် ဆော်ဒီကပေးတဲ့ မက်လောက် စရာ လုပ်ခလစာမျိုးကို ပေးချေနိုင်ဖို့ မရှိပေမယ့် အာဂျင်တီးနား ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် လက်လျှော့ မှာ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ကစားသမားရဲ့အပေါ်မှာ မူတည်နေတာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

မက်ဆီဟာ ရော်နယ်ဒိုလိုပဲ ဥရောပမှာ အောင်မြင်မှုအားလုံးကို ရယူထားပြီးဖြစ်လို့ စိန်ခေါ်မှု အသစ်တွေအတွက် ဥရောပမြေကို စွန့်ခွာချင်ရင် စွန့်ခွာနိုင်တာပါ။ ဒါပေမယ့် မက်ဆီအနေနဲ့ ငွေကြေးအတွက် ဥရောပကနေ ထွက်ခွာဖို့ စဉ်းစားပါ့မလားဆိုတဲ့ အချက်ကလည်း ရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီအနေနဲ့ ပြိုင်ဘက်ကြီးရှိရာ ရော်နယ်ဒို နောက်လိုက်ပြီး ဆော်ဒီကို ပြောင်းမလား၊ အသင်း ဟောင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အိမ်ပြန်မလား ဒါမှမဟုတ် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီကို ပြောင်းပြီး အမေရိကန်မှာ ခြေချမလားဆိုတာကို ရာသီအကုန်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။