CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ကြာသပတေးနေ့က ဇာတိမြို့ ရိုဆာရီယိုရှိ မိသားစုပိုင် စတိုးဆိုင်ကို သေနတ်သမားတွေက တိုက်ခိုက်ပြီးနောက် သူ့ကို ခြိမ်းခြောက်မှုတွေပြုလုပ်တာ ခံခဲ့ရတာဖြစ်ပါတယ်။

လာဗယ်လီခရိုင်မှာ တည်ရှိတဲ့ အစားအသောက်ဆိုင် Unico ဟာ မက်ဆီရဲ့ဇနီးဖြစ်သူ အန်တိုနယ်လာရဲ့မိသားစုက ပိုင်ဆိုင်တာပါ။ကြာသပတေးနေ့ မနက်အစောပိုင်းက စတိုးဆိုင်တံခါးပေါက်ကို သေနတ်နဲ့ ၁၄ ချက်ပစ်ခတ်ခံခဲ့ရပြီး နောက် အခင်းဖြစ်ပွားရာနေရာထံ ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီအတွက် ဆိုးရွားတဲ့သတင်းစကားကို ထားခဲ့အပြီးမှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာကနေ အလျင် အမြန် ထွက်သွားခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

“မက်ဆီ ငါတို့ မင်းကိုစောင့်နေတယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် “ဂျက်ဗ်ကင်က မူးယစ်ဆေးဝါး ရောင်းတဲ့သူပါ။ သူက မင်းကို ဂရုစိုက်မှာမဟုတ်ဘူး” လို့ ရေးသားခဲ့တာပါ။ အဆိုပါပြောဆိုမှုဟာ ရိုဆာရီယို မြို့တော်ဝန် ပါဘလိုဂျက်ဗ်ကင်ကိုလည်း ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။ ရိုဆာရီယိုဟာ ဗျူနိုအေရိစ်ရဲ့မြောက်ဘက် ၃၀၀ ကီလိုမီတာအကွာ အာဂျင်တီးနားအလယ်ပိုင်း ဆန်တာဖီပြည်နယ်မှာ အကြီးဆုံးမြို့ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ လူထိခိုက်မှုမရှိပေမယ့် စတိုးဆိုင်ကတော့ သိသိသာသာကို ပျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အခု အချိန်ထိတော့ မက်ဆီနဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာတို့ဟာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ ရိုဆာရီယိုမြို့တော်ဝန်ကတော့ သူဟာ အန်တိုနယ်လာတို့မိသားစုနဲ့ စကားပြောခဲ့ပြီး သူတို့ စိုးရိမ် နေတယ်လို့ တိုက်ခိုက်ခံရတဲ့ စတိုးဆိုင်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖီဖာအကောင်းဆုံးဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆုကို ရရှိထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မက်ဆီနဲ့ အန်တိုနယ်လာတို့ဟာ သားဖြစ်သူ ၃ ဦးနဲ့အတူ ပဲရစ်မှာ အခြေချ နေထိုင်နေတာပါ။ မက်ဆီဟာ နန့်တက်စ်အသင်းနဲ့ ကစားရမယ့် လီဂူးဝမ်းပွဲစဉ်ကို အာရုံစိုက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source:Goal