CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဘာနေဗျူးမှာ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းအနိုင်ရဖို့ မထိုက်တန်ဘူးလို့ ပြောသွားခဲ့ပါတယ်။

အန်ဆယ်လော့တီက “သူတို့အနိုင်ရဖို့ မထိုက်တန်ဘူးဆိုတာ သိသာပါတယ်။ ဒီနေ့မှာ မြင်တွေ့ခဲ့ရတဲ့ သူတို့ကစား ပုံက နည်းနည်းတော့ ထူးဆန်းပါတယ်။ ခံစစ်ပိုင်းမှာလည်း အလွန်ကောင်းမွန်ခဲ့ပြီး စုပေါင်း ပေါင်းစပ်မှုအားလည်း ကောင်းခဲ့ပါတယ်။ ဂိုးမပေးရအောင်လည်း ကောင်းမွန်စွာ ပိတ်ဆော့နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ဒီပုံစံ အတိုင်းသာ ဒုတိယအကျော့ပွဲမှာ ကစားနိုင်ခဲ့ရင် ကျနော်တို့ ဗိုလ်လုပွဲ တက်နိုင်မှာပါ”လို့ ပြောပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ မီလီတာအိုရဲ့ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရယူပြီး အသာစီး ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိတဲ့အထိ ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းက အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာပါ။

ရီးရယ်လ်အတွက် ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းပွဲစဉ်မှာ ဂိုးပေါက်တည့်မှု မရှိတဲ့ မှတ်တမ်းကြီးကို လည်း ဒီပွဲမှာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ ပထမအကျော့မှာ သူတို့အနိုင်ရထားပေမယ့် ရီးရယ်လ်အသင်းကသာ ဗိုလ်လုပွဲတက်ဖို့ ရေပန်းအစားဆုံးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဇာဗီက “၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာက ကျနော်တို့အတွက် သေချာပေါက် အားသာချက်ပါပဲ။ ဒါပေမယ့် ကျနော် တို့ဟာ အလွန်အားကောင်းတဲ့ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ကျနော်ကတော့ ရီးရယ်လ်အသင်း ဗိုလ်လုပွဲ တက်ဖို့ ရေပန်းအစားဆုံးလို့ပဲ မြင်မိတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ အခုနှစ်ရာသီ လာလီဂါ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသလို ပြည်တွင်း ဖလားဖြစ်တဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာလည်း ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။

ဒီနှစ်သင်းဟာ အခုနှစ်ရာသီ ၃ ကြိမ် တွေ့ဆုံထားတာမှာ ဘာစီလိုနာအသင်းက ၂ ကြိမ် အနိုင်ရပြီး ရီးရယ်လ် အသင်းက ၁ ကြိမ် အနိုင်ရထားတာ ဖြစ်ပါတယ်။

ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီလ ၆ ရက်နေ့ နူးကမ့်ပ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: metro