CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲကိုခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေကို ချီးကျူးမှု ပြုလုပ်ခဲ့ ပါတယ်။

အန်ဆယ်လော့တီက “ဒီပွဲမှာ လူငယ်ကစားသမားတွေ လုပ်နိုင်ခဲ့တဲ့အရာကို ကျနော်တို့အလွန် ကျေနပ်ရမှာ ဖြစ်သလို သူတို့ကို ဆက်ပြီးအားကိုးနေရမှာပါ။ သူတို့ဟာ အတွေ့အကြုံနည်းပေမယ့် အခြေခံအားဖြင့် သူတို့ကို လိုအပ်ပါတယ်။ ကျနော်ဟာ အသင်းတစ်သင်းကို ပေါင်းစည်းတဲ့အချိန်မှာ ပွဲကိုအနိုင်ရဖို့ကြိုးစားတဲ့အတွက် လူငယ်အကယ်ဒမီကိုမိနစ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ဒဏ်ရာနဲ့အခြားအချက်တွေကြောင့် သူတို့အခွင့်အရေးရခဲ့ပြီး သူတို့ကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ အသလက်တီကို၊မန်စီးတီးအသင်းတို့နဲ့ အရေးကြီးပွဲတွေကစားဖို့ရှိတဲ့အတွက် လီဂါနက်စ် အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအများအပြားကို အနားပေးခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အသက် ၂၁ အရွယ်ရှိ အဆန်စီယို၊၂၀ နှစ်အရွယ်ရှိ ရာမွန်၊၁၉ နှစ်အရွယ်ရှိ ဂူလာနဲ့ ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်တို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အန်းဒရစ်၊မိုဒရစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဂါနက်စ်အသင်းအတွက် ခရုဇ်က ချေပဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းအတွက် အနိုင်ဂိုးကို လူစားလဲဝင်ရောက်လာတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ အကယ်ဒမီတိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက မိနစ် ၉၀ ပြည့်ပြီးနာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာပါ။ 

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ လီဂါနက်စ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ ရူဒီဂါ၊အလာဘာတို့ရဲ့ ဒဏ်ရာတွေကြောင့် ခံစစ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ပွဲတွေမှာ လူငယ်ကစားသမားအချို့ကို ခံစစ်မှာဆက်ပြီး အသုံးပြုသွားရမှာပါ။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းနဲ့ပွဲမှာ အဓိက ကစားသမားတွေကို ချန်လှပ်ထား ခဲ့တာကြောင့် သူတို့ဟာ လာမယ့်ပွဲမှာ အဆင်သင့်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၁ နေရာနဲ့ ၂ နေရာမှာရပ်တည်နေတဲ့ သူတို့နှစ်သင်းရဲ့အကြားမှာ ရမှတ် ၁ မှတ်သာကွာဟတာဖြစ်ပါတယ်။ 

Source:ChannelNewsAsia