CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး မကြာသေးခင် ရက်ပိုင်းကမှ ငယ်ဘဝ ကလပ် ဆန်းတို့စ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ နေမာဟာ ဆန်းတို့စ်အသင်းအတွက် ၁၂ နှစ်အကြာမှာ ပထမဆုံးပွဲကို ပြန်ကစားနိုင်ခဲ့ပါတယ်။ 

နေမာဟာ ဆန်းတို့စ်အသင်းနဲ့ ဘိုတာဖိုဂိုအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ Campeonato Paulista ပြိုင်ပွဲရဲ့ ဒုတိယပိုင်းအစမှာ လူစားလဲဝင်ရောက်ပြီး ပါဝင်ကစားခဲ့တာပါ။ 

ဆန်းတို့စ်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘိုတာဖိုဂိုအသင်း က ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် သရေနဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ 

နေမာကတော့ ဆန်းတို့စ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့ ခံစားချက်ကို ဖော်ပြဖို့ စကားလုံးမရှိဘူးလို့ ပြောခဲ့ သလို ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး အခြေအနေမှာ မရှိဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ 

နေမာကို တွေ့ရစဉ်

နေမာက “ကျနော် ဆန်းတို့စ်ကို ချစ်ပြီး ကွင်းထဲထပ်ခြေချရတဲ့ ခံစားချက်ကို ဖော်ပြဖို့ စကားလုံးမရှိပါဘူး။ ကျနော်ဟာ ပွဲကစားဖို့နဲ့ မိနစ်တွေရရှိဖို့ လိုအပ်ပါတယ်။ ကျနော်ဟာ ၁၀၀ ရာခိုင်နှုန်း မရှိသေးပါဘူး။ လာမယ့် ၄ ပွဲ ဒါမှမဟုတ် ၅ ပွဲကစားရင် ကျနော်ပိုပြီးကောင်းမယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကမှ အသက် ၃၃ နှစ်ပြည့်ခဲ့တဲ့ နေမာဟာ ဆန်းတို့စ်အသင်းနဲ့ ၆ လ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဘရာဇီးလ်ကလပ်က သူ့ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိရှိနေမယ့် သက်တမ်းတိုးစာချုပ်ချုပ်ဖို့ ဆန္ဒရှိနေပါတယ်။ 

နေမာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဒဏ်ရာနှိပ်စက်မှုတွေကြောင့် သူ့ရဲ့ကစားသမားဘဝဟာ ထိခိုက်မှုတွေရှိခဲ့တာပါ။ 

အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ နေမာကို စာချုပ်မကုန်ဆုံးခင်မှာ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

နေမာဟာ သူ့ကိုခေါ်ယူဖို့ မေဂျာလိဂ်ကလပ် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် သူ့ရဲ့ကစားသမားဘဝ ပြန်လည်တည်ဆောက်ဖို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားချင်တဲ့ ရည်ရွယ် ချက်ကြောင့် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ 

Source: ESPN