CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ဖြစ်တဲ့ ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ နီးစပ်နေပြီလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။

အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်က နေမာဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်ခြင်း မရှိတော့ဘူးလို့ ပြောခဲ့တာကြောင့် ဘရာဇီးလ်ကစားသမားဟာ ဆော်ဒီကလပ်ကနေ ထွက်ခွာဖို့ရှိနေတာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ နေမာဟာ ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပေါင် ၇၈ သန်းနဲ့ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ပြီး ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင် ကစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းနည်းပြက နေမာကို ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ဒုတိယရာသီဝက်အတွက် အသင်း လူစာရင်းထဲ စာရင်းသွင်းမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီးနောက် ဆန်းတို့စ်အသင်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်

ဆန်းတို့စ်အသင်းဟာ နေမာကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားတာကြောင့် နေမာဟာ အသင်းဟောင်း ထံ ပြန်လာနိုင်ဖို့ နီးစပ်နေပြီလို့ ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။ 

နေမာကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းကလည်း စိတ်ဝင်စားနေတာကြောင့် ဆန်းတို့စ်အသင်းဟာ အမြန်ဆုံးအငှားနဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး အယ်လ်ဟီလယ်အသင်းက မီးစိမ်းပြတာကို စောင့်ဆိုင်းနေတာပါ။ 

ဆန်းတို့စ်အသင်းဟာ နေမာကို အသင်းထံပြန်လာရင် သူရဲကောင်းတစ်ဦးလို ကြိုဆိုဖို့အသင့်ရှိနေတာ ဖြစ်ပါတယ်။ 

ဆန်းတို့စ်အသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ နေမာဟာ ဆန်းတို့စ်အသင်းကြီးအတွက် ပွဲပေါင်း ၂၂၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၃၆ ဂိုးသွင်းယူကာ ထိပ်တန်းအသင်းတိုင်း အလိုရှိတဲ့သူအဖြစ် ရှိခဲ့တာပါ။ 

နေမာဟာ ဆန်းတို့စ်အသင်းမှာ ၅ ရာသီကြာ ကစားပြီးနောက် ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေထံ ပြောင်းခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားရရှိခဲ့ကာ အယ်လ်ဟီလယ်အသင်းအတွက် ကစားခဲ့တဲ့ ၇ ပွဲမှာ ၁ ဂိုး သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Dailymail