CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ နယူးကာဆယ်အသင်းအတွက် ဂိုးတွေကို မာဖီနဲ့ ဂေါ်ဒွန်တို့က သွင်းယူခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို နောက်ဆုံး ၃ ရာသီအတွင်း ဒုတိယအကြိမ် မြောက် တက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်က FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးကတည်းက အဓိကပြိုင်ပွဲတွေမှာ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ဒီနှစ် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် သူတို့အတွက် အလွန်ကောင်းမွန်တဲ့ ညဖြစ်ခဲ့ပြီး ဝင်ဘာလေကို ပြန်သွားရတာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “ဝင်ဘာလေကို ပြန်သွားရတာက အလွန်ကြီးမားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ က ကျနော်တို့အတွက် မလွယ်ကူခဲ့ပါဘူး။ ပရီးမီးယားလိဂ် ၄ သင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ ဟာ နောက်ဆုံးကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး စွမ်းဆောင်ရည်ကို ပိုပြီးကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပေမယ့် နောက်ထပ် ဆုဖလား ပစ်မှတ်တွေအတွက် အားအင်တွေ ပြန်ဖြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရလို့ သူတို့အတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလား အဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသာ ရှိတော့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒူဘိုင်းကို သွားရောက်ပြီး အသင်းလိုက် စုဖွဲ့လေ့ကျင့်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN