CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂

ရီးရယ်လ် အသင်းဟာ လာလီဂါဆုဖလားကို ရယူပြီးနောက် အမိုးဖွင့် ဘတ်စ်ကားနဲ့ အောင်ပွဲခံခဲ့ချိန်မှာ နည်းပြ အန်ဆယ် လော့တီ ဆေးပြင်းလိပ် ခဲနေတဲ့ပုံဟာ ပရိသတ်တွေကြားထဲမှာ သဘောကျစရာအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ အက်စပန်ညိုအသင်းကို ၄ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ (၃၅)ကြိမ်မြောက် လာလီဂါဆုဖလားကို ရယူသွားနိုင်ခဲ့တာပါ။

နည်းပြ အန်ဆယ်လော့တီနဲ့ ကစားသမားတွေဟာ မက်ဒရစ်မှာရှိတဲ့ လမ်းတွေပေါ်မှာ လှည့်လည်ကာ ဆုဖလားနဲ့ အောင်ပွဲခံခဲ့ တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဗီနီစီးယက်စ်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဓါတ်ပုံတစ်ပုံ တင်ခဲ့တာပါ။ ဒီပုံမှာ အန်ဆယ်လော့တီ ဟာ မျက်မှန်တပ်ကာ ဆေးပြင်းလိပ်ခဲနေပြီး ဗီနီစီးယက်စ်၊ မီလီတာအို၊ အလာဘာနဲ့ ရိုဒီရီဂိုတို့က ပြုံးရွှင်နေကြတာ ဖြစ်ပါ တယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ လာလီဂါဖလား ရခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကိုလည်း ရယူနိုင်ခဲ့တာပါ။ အီတလီ လူမျိုးနည်းပြဟာ အင်္ဂလန်၊ စပိန်၊ ပြင်သစ်နဲ့ အီတလီတို့မှာလည်း လိဂ်ဖလားကို ရယူထားနိုင်တာကြောင့် ဥရောပထိပ်တန်း လိဂ်(၅)ခုလုံးမှာ လိဂ်ဖလားကို ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဇီဒန်း ထွက်ခွာသွားပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ရီးရယ်လ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့တာပါ။

လာလီဂါဆုဖလားရလို့ ရီးရယ်လ်အသင်းသားတွေက အန်ဆယ်လော့တီနဲ့အတူ အောင်ပွဲခံနေစဉ်(Football Espana)

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ဝါရင့် ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေ ပေါင်းစပ်ကာ ဆုဖလား ရယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီ ရီးရယ်လ်အသင်းမှာ ဘန်ဇီမာနဲ့ ဗီနီစီးယက်စ်တို့ဟာ ခြေစွမ်းတွေ ပိုမိုကောင်းမွန် လာခဲ့ တာကို တွေ့ခဲ့ရတာပါ။

အီတလီလူမျိုး နည်းပြဟာ ရီးရယ်လ်အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၅ အတွင်းမှာ ကိုပါဒယ်ရေး၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို ရောက်ရှိနေပြီး ပထမအကျော့မှာ မန်စီးတီး အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ရီးရယ်လ် အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင်တော့ အန်ဆယ်လော့ တီ အနေနဲ့ စပိန်ကလပ်ကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာတင် ဆုဖလား(၂)လုံး ရယူပေးနိုင်မှာ လည်း ဖြစ်ပါတယ်။