CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉
ရီးရယ်လ်အသင်းဟာ ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုမှာ အရေးနိမ့်ပြီးပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဒီပွဲရဲ့ ပွဲချိန်မိနစ် ၉၀ အတွင်း ၂ ဂိုးစီသရေကျခဲ့လို့ အချိန်ပိုဆက်ကစားခဲ့တာမှာ အိမ်ရှင် အသလက်တီကို အသင်း က နောက်ထပ် ၂ ဂိုးသွင်းယူခဲ့တာကြောင့် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။ ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့အပတ်ကမှ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ကစားခဲ့တာမှာ ရီးရယ်လ်အသင်းက အချိန်ပိုမှာ ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် အသလက်တီကိုအသင်းဟာ စပိန်စူပါဖလားပွဲစဉ်က ရှုံးကြွေးကို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ပြန်ဆပ်နိုင်ခဲ့တာပါ။ ဒီရာသီမှာ ဆုဖလားအားလုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရီးရယ်လ်အသင်းအတွက်တော့ ဆုဖလား ၁ လုံးကို လက်လွှတ်ခဲ့ရပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲကိုသာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ဒီပွဲမှာခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ချီးကျူး သွားခဲ့ပါတယ်။
ဆီမြွန်နီက “ဂရစ်ဇ်မန်းဟာ မှော်ဆန်တဲ့ ဘောလုံးသမားတစ်ဦးပါ။ သူဟာ အလွန်လျင်မြန်ပြီး အံ့မခန်းဖွယ် ကောင်းတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ကျနော်တို့တွေ့ဖူးတဲ့အထဲမှာ သူ့ရဲ့အကောင်းဆုံး သွင်းဂိုး ဖြစ်နိုင်ပါတယ်။ သူဒီမှာရှိနေတာက ကျနော်တို့အတွက် ကံကောင်းပြီး သူကလည်း ဒီမှာပဲ ရှိချင်တာပါ။ ဂရစ်ဇ်မန်းအနေနဲ့ ဒီလိုမျိုးနောက်ထပ်အရာတွေအများကြီးယူဆောင်ပေးနိုင်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဒီပွဲမှာ ဘယ်အသင်းကမှ အရှုံးနဲ့မထိုက်တန်ခဲ့ဘဲ သူတို့ဘက်က အရာအားလုံးကို ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ရီးရယ်လ်နဲ့ အသလက်တီကိုအသင်းတို့ဟာ ဖေဖော်ဝါရီ ၄ ရက်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် နောက်ထပ်တွေ့ဆုံရဦးမှာဖြစ်တာပါ။ ဒီအပတ်လာလီဂါပွဲစဉ်တွေအဖြစ် အသလက်တီကိုအသင်းက ဂရန်နာဒါ၊ ရီးရယ်လ်အသင်းက အယ်လ်မီရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN